ပုသိမ်မြို့၌ အသွားအလာကန့်သတ်ထားသောနေရာများသို့ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ကူညီ

ပုသိမ် ၊ ၁၄ ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များပြားလာသဖြင့် ဧရာဝတီတိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ Lockdown ပြုလုပ်ထားသော ပုသိမ်မြို့နယ်ရှိ တဂေါင်းဘုရား (အတွင်းချောင်လမ်း)၊ ငုဝါ(၃)လမ်းရှိ အဆောင်တစ်ဆောင်၊ ရွှေဘုံသာဘုရားလမ်းရှိ နေအိမ်များ၊ ဒုံကွင်း တိုးချဲ့(၃)လမ်း စသည့် နေရာလေးခုသို့ ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက အလှူရှင်များကိုယ်စား စားသောက်ကုန်ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြသည်။

 

အဆိုပါ နေရာများတွင် အိမ်ထောင်စု ၇၈ စုအတွက် ငွေကျပ် ၁၈ သိန်းကျော် တန်ဖိုးရှိ ဆန် ၂၁ အိတ်၊ ကြက်သွန်နီ သုံးအိတ်၊ ကြက်သွန်ဖြူ နှစ်အိတ်၊ ဆီ ပိဿာ ၂၀၊ ခေါက်ဆွဲခြောက် ၁၂ ဖာ၊ အချိုမှုန့် အထုပ်ကြီး ငါးထုပ်၊ ငရုတ်သီးခြောက် တစ်အိတ်၊ ကုလားပဲ နှစ်အိတ်၊ အာလူး သုံးအိတ် စသည့် စားသောက်ကုန် ပစ္စည်းများကို လမင်းတစ်ရာ ဘက်စုံပရဟိတဆရာတော်၊ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်၊ ဒေါက်တာသွင်အောင်၊ ဦးဇော်ဇော်နှင့် ဘက်စုံလူမှုကူညီရေးအဖွဲ့တို့က သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

မောင်မောင်မြင့်(ပြန်/ဆက် )