ပုသိမ်ကြီးမြို့နယ် သမဝါယမဦးစီးဌာနမှ ချေးငွေထုတ်ချေးပေးထားသည့် အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးမှုအား ကွင်းဆင်းကြည့်ရှု

မန္တလေး ၁၃ ဩဂုတ် 

 

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သမဝါယမဦးစီးဌာနမှ ချေးငွေထုတ်ချေးပေးထားသည့် မန်းတောင်ရိပ် မျိုးစေ့ထုတ် သမဝါယမ အသင်းဝင်တောင်သူများ၏ မိုးစပါးစိုက်ပျိုးနေမှု အခြေအနေများကို ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက မနောယျမကျေးရွာအုပ်စု ပဲလှော်ဖိုကျေးရွာ၊ ကွင်းအမှတ် (၄၅၆) တောင်သူဦးရန်အေး လယ်မြေ၌ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

 

ပုသိမ်ကြီးမြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် မန်းတောင်ရိပ် မျိုးစေ့ထုတ် သမဝါယမအသင်းအား တောင်သူများဖြင့် ဖွဲ့စည်းခဲ့ပြီး အရည်အသွေးကောင်းပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်း မျိုးသန့်များ အသုံးပြုနိုင်ရေးအတွက် မျိုးစေ့ထုတ်သမဝါယမအသင်းသား တောင်သူများအသုံးပြုနိုင်ရေးအတွက် တစ်ဧကလျှင် သုံးသိန်းကျပ်နှုန်းဖြင့် ၁၈၄ ဧကအတွက် စုစုပေါင်း ကျပ် ၅၅၂ သိန်းအား ထုတ်ချေးထားရှိကြောင်း မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်သီတာစိုးထံမှ သိရသည်။

 

အဆိုပါဌာနမှ အသင်းသား တောင်သူများလိုအပ်လျက်ရှိသော စိုက်ပျိုးစရိတ်ချေးငွေများ၊ လယ်ယာသုံး စက်ကိရိယာများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်း၊ လယ်ယာမြေ ပြုပြင်ခြင်းလုပ်ငန်းများအတွက် ပံ့ပိုးချေးငွေများ၊ မျိုးစေ့ထုတ် သမဝါယမအသင်းများအတွက် ပံ့ပိုးချေးငွေများနှင့် အခြေခံလူတန်းစားများအတွက် အသေးစားအရင်းအနှီး ပံ့ပိုးချေးငွေများအား မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၊ မြို့နယ်သမဝါယမ အသင်းစုများဖြင့် ချိတ်ဆက်ကာ ပံ့ပိုးချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

 မင်းထက်အောင် (မန်းကိုယ်ပွား)