ပုသိမ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အိမ်တွင်းမှုနှင့် ဟိုတယ်ဝန်ဆောင်မှု သင်တန်းသူများဖိတ်ခေါ်နေ

ပုသိမ်  ၂၄  စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာ၌ နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ထားသော အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အခြေခံနှင့် အဆင့်မြင့် အိမ်တွင်းမှုသင်တန်းများနှင့် ဟိုတယ်ဝန်ဆောင်မှု သင်တန်းဖြစ်သော ဧည့်ကြို၊ အိပ်ခန်းဆောင်၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းများကို နိုဝင်ဘာ ၁၃ ရက်မှ နောက်နှစ် မတ်လအထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ တက်ရောက်သင်ကြားလိုသော သင်တန်းသူများအား ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသည့် ရည်ရွယ်ချက်မှာ တိုင်းရင်းသူများအချင်းချင်း ပညာရှာမှီးကြရင်း ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ နယ်စပ်ဒေသနှင့် ဆင်းရဲနွမ်းပါးသောဒေသများရှိ အမျိုးသမီးငယ်များအား အိမ်တွင်းမှု သက်မွေးပညာရပ်များ သင်ကြားပေးခြင်းဖြင့် တတ်မြောက်သည့်ပညာဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်သည်အထိ ကူညီဆောင်ရွက်သွားရန်နှင့် စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်ကာ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ကြောင်းသိရသည်။

အိမ်တွင်းမှုသင်တန်းသို့ တက်ရောက်လိုသူများသည် အသက် ၁၆ နှစ်မှ ၃၀ နှစ်အတွင်း၊ ဟိုတယ် ဝန်ဆောင်မှုသင်တန်း တက်ရောက်လိုသူများသည် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း ရှိရမည်ဖြစ်ကာ ပညာအရည်အချင်း ရှစ်တန်းအောင်မြင်ထားသူများ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ ဟိုတယ်ဝန်ဆောင်မှု သင်တန်း၏ သင်တန်းကာလမှာ စာတွေ့သုံးလခွဲနှင့် လက်တွေ့သုံးလဖြစ်ပြီး အဆင့်မြင့်စက်ချုပ်သင်တန်းမှာ သင်တန်းကာလ ၁၈ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းများသို့ တက်ရောက်ရန် လျှောက်ထားပြီးနောက် ရွေးချယ်ခံရသော သင်တန်းသူများအား သင်တန်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ နေ့စဉ်စားစရိတ်နှင့် နယ်ဝေးမှ သင်တန်းသူများအတွက် အပြန်ခရီးစရိတ်များ ထောက်ပံ့ပေးသွားမည့်အပြင် အဆင့်မြင့်စက်ချုပ်သင်တန်း ပြီးဆုံးသူများအား အပ်ချုပ်စက်များကို တစ်နှစ်ဆိုင်း အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)