Puppet festival of Lancang – Mekong စီမံကိန်း လက်ခံကျင်းပသွားရန်ကိစ္စနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၂

လန်ချန်း-မဲခေါင် ဒေသရှိ အဖွဲ့ဝင် (၆)နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်နိုင်ငံများမှ အနုပညာရှင်လူငယ်များ ပူးပေါင်းပါဝင်ဆောင်ရွက် မည့် Puppet festival of Lancang – Mekong  စီမံကိန်းကို ဒီဇင်ဘာ (၂၅)ရက်မှ (၃၁)ရက် အထိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၌ လက်ခံကျင်းပသွားရန် ကိစ္စ နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လန်ချန်း-မဲခေါင်ဒေသတွင်း (၆)နိုင်ငံမှ ယဉ်ကျေးမှုအဖွဲ့အစည်းများနဲ့ အနုပညာရှင် လူငယ် များကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မည့် လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော် (Puppet Festival of Lancang-Mekong) ကို ယခင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပရန် လျာထားခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအခြေအနေ များအရ ကျင်းပမည့်အချိန်ကို ရွှေ့ဆိုင်းလာခဲ့ရာ  ယခုနှစ် ဒီဇင်ဘာ(၂၅)ရက်မှ (၃၁)ရက်အထိ မန္တလေးမြို့၌ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး) က လက်ခံကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်း အတွက် ကုန်ကျငွေကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၀)မှ ကျခံပေး ခြင်းဖြစ်ပါကြောင်း။

ယခုကျင်းပမည့်ပွဲတော်သည် လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများမှ ယဉ်ကျေးမှုအဖွဲ့ အစည်းများနှင့် အနုပညာရှင်လူငယ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုဖြင့် လန်ချန်း-မဲခေါင်ယဉ်ကျေးမှုဖလှယ်ရေးပလက်ဖောင်း ထူထောင်ရန်အတွက်  လန်ချန်း-မဲခေါင် ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများမှ ရိုးရာယဉ်ကျေးမှုရုပ်သေး ပညာရပ်များ မပျောက်ပျက်စေရေး ဆောင်ရွက်ရန်၊ ရိုးရာယဉ်ကျေးမှုရုပ်သေးပညာရပ်များကို ဖော်ထုတ်မြှင့် တင်ထိန်းသိမ်းရေး ဆောင်ရွက်ရန်၊ ရုပ်သေးပညာရှင်လူငယ်များအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုတိုးတက်ရရှိစေရန် စသောရည်ရွယ်ချက်များဖြင့် ဒုတိယအကြိမ် ကျင်းပမည့် ပွဲတော်တစ်ခုဖြစ်ပါကြောင်း။

ယခုကာလသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက်မှုများ၊ အသွားအလာကန့်သတ်မှုတားမြစ်ချက်များ ရှိနေသေးပါကြောင်း၊ ပွဲတော် ကျင်းပ မည့်ကာလတွင် ယခုကဲ့သို့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်မှု ရှိနေဦးမည် ဆိုပါက လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများမှ အနုပညာရှင်လူငယ်များ၊ ဧည့်သည်များ မြန်မာနိုင်ငံသို့ အဆင်ပြေစွာ လာရောက် နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ သွားလာရေး ဆိုင်ရာကိစ္စရပ်များ၊ ပြည်ဝင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ရောက် ရှိချိန်၌လည်း လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက အကြံပြုဆွေးနွေးပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက  လန်ချန်း-မဲခေါင် ဒေသရှိ အဖွဲ့ဝင် (၆)နိုင်ငံမှ အနုပညာရှင်လူငယ်များ ပူးပေါင်း ပါဝင်ဆောင်ရွက်မည့် Puppet festival of Lancang – Mekong စီမံကိန်းကို လက်ခံ ကျင်းပသွားရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်များကို အသေးစိတ် ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက မိမိတို့ဌာနအလိုက်  ဆောင်  ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးညှိနှိုင်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော်ကို မြန်မာနိုင်ငံ၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းထား ရှိပြီးဖြစ်၍ ကော်မတီအသီးသီးတွင်ပါရှိသော ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့် လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ လုံခြုံ ရေးကို အထူးဂရုစိုက်ဆောင်ရွက်ရန် လိုပါကြောင်း၊ လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများနှင့် ယဉ်ကျေးမှုအနုပညာ ပူးပေါင်းဖလှယ်ရေး ဆောင်ရွက်ရာတွင်လည်း အကျိုးရှိစွာ လုံ့လထုတ်၍ ကြိုးစားဆောင်ရွက်ရန်လိုပါကြောင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာ ကြသော ဝန်ကြီးဌာနများအနေဖြင့်လည်း လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေး သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

သတင်းစဉ်