ပုပ္ဗါစရိယ မိနှင့်ဖ

၁၃  အောက်တိုဘာ

ကျွန်မ တာဝန်ကျနေသော ရွာလေးသည် ရွာဦး ကျောင်းဆရာတော်၏ သြဇာညောင်းသော ရွာလေးတစ်ရွာ ဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ကျောင်းရှိဆရာ ဆရာမများကို ပြောလိုက်ပါဟူ၍ စကားလူကြုံပါးလိုက် ကြောင်း ကျွန်မကြားရသည်။ အကြောင်းမှာ ကလေးများ သည် ဘုန်းကြီးကျောင်းတွင် သီလပင်မခံယူတတ်‌‌ခြင်း၊ ဘုရားရှိခိုးစာပင် မှန်ကန်အောင် မဆိုတတ်ခြင်းအတွက် ဖြစ်သည်။ ထို့ကြောင့် ကျောင်းရှိဆရာ ဆရာမများက သင်ကြားပေးရန်လိုကြောင်း မှာလိုက်ပါသည်။ ကျွန်မအနေဖြင့် ကလေးတစ်ယောက်၏ ဘာသာရေးကိုင်းရှိုင်းမှု အားနည်းခြင်းသည် ဆရာအပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ဘဲ ကျောင်းမတက်ရသေးခင် ခိုလှုံနေရသည့် မိဘ များတွင်ပါ မူတည်နေသည်ဟု အတွန့်တက်ချင်သည်။

ကလေးတစ်ဦး စာသင်ကျောင်းသို့ မလာမီ အနည်းဆုံး ငါးနှစ်တာကာလမှာ မိဘရင်ငွေ့၌သာ ရှိပါသေးသည်။ အချို့မိဘများသည် မိမိကလေး စကားစပြောသည့်အရွယ် ကလေးလျှာသွက်အောင် ပြောတတ်စေရန်ဟုဆိုကာ အကုန် သင်သည်။ နားရည်၀စေရန် အခေါ်အဝေါ်များကို ထပ်ကာ ထပ်ကာ ရွတ်ပြတတ်သော်လည်း ဘုရားရှိခိုးစာရွတ်ပြရန် မေ့နေတတ်ကြသည်။ စာဖတ်ပြရန် ‌သတိမရ။ အချို့မိဘများကား ကိုယ်တိုင် ဘုန်းကြီးကျောင်းသွား၍ ဥပုသ်သီလစောင့် ထိန်းတတ်ကြသော်လည်း မိမိသားသမီးများကို ဘုန်းကြီး ကျောင်းခေါ်ရန် မေ့နေတတ်ကြသည်။ ဘုရားရှိခိုးသင်ရန် သတိမရတတ်ကြ။

ကျွန်မ လက်လှမ်းမီသလောက် ဖတ်ရှုသည့် ဂျာနယ်၊ မဂ္ဂဇင်းများတွင် စာရေးဆရာများကို အင်တာဗျူးထားသည့် အကြောင်းပါတတ်သည်။ အများစုမေးသည့်မေးခွန်းသည် စာဖတ်ဝါသနာကို မည်ကဲ့သို့ ပျိုးထောင်ပေးဖြစ်ခဲ့သနည်းဟူသော မေးခွန်းဖြစ်သည်။ အဖေနှင့်အမေ၏ လမ်းညွှန်ပေးမှုကြောင့်သာ စာဖတ်ဝါသနာ စတင်ဖြစ်တည်လာခဲ့သည်ကများသည်။ ထို့နောက်မှသာ ဆရာ ဆရာမများ၏ ဆက်လက် လမ်းညွှန်မှုအောက်၌ ဝါသနာမပျောက်ပျက်ဘဲ ဆက်လက် တည်ရှိနေခြင်းဖြစ်ပါသည်။ ကျွန်မငယ်စဉ်အခါက အဖေ သည် ရုံးအလုပ်ပါးသည့်အချိန် ညနေ သို့မဟုတ် ညဘက်များ၌ ဇာတ်ကြီးဆယ်ဘွဲ့ အတိုကောက်သာမက ဇာတ်တော် ကြီးများ၊ ဘုရားလောင်းဖြစ်စဉ် စသည်ဖြင့် ပြောပြလေ့ရှိ သည်။ မူလတန်းအရွယ်ကပင် နားထောင်မှတ်သားခဲ့ရသည်။ ကျွန်မအဖေသည် အတန်းပညာကို အကြောင်းကြောင်း ကြောင့် ပြီးဆုံးအောင် မသင်ခဲ့ရသော်လည်း အင်္ဂလိပ်စာလုံး ဝေါဟာရအသစ်များကို လက်လှမ်းမီသလောက် လေ့လာပြီး ကျွန်မတို့ကို ပြန်လည် ပြောပြပေးတတ်သည်။ တစ်ခါတစ်ရံ ဘုရားဂါထာတော်များကို အလွတ်ရသည်အထိ ကျွန်မတို့ကို တိုင်ပေးသည်။ မိဘတိုင်း သားသမီးများနှင့်အတူ တစ်ခါတစ်ရံ စာအတူဖတ်‌ကြခြင်းဖြင့် ကလေးများ၏ စာဖတ်ချင် စိတ်ကို လှုံ့ဆော်ပေးနိုင်ပါသည်။

ကလေးများရှေ့ နင်ပဲငဆပြော၍ ဆဲဆိုနေပြီး ကလေး များကိုတော့ မဆဲရန် ဆိုဆုံးမခြင်းသည် မဖြစ်သင့်ပါပေ။ မိဘနှစ်ပါးမှာ ကိုယ်ထိလက်ရောက် ကတောက်ကဆဖြစ်ပြီး သားသမီးများကိုမူ ရန်မဖြစ်ရဟု အမိန့်ထုတ်ခြင်း၊ မိမိက အချိန်မှန် ဘုံဆိုင်ထိုင်ပြီး သားသမီးကိုတော့ အရက်၏ ဆိုးကျိုးများပြောပြ၍ ဆုံးမခြင်း၊ ဆေးလိပ်ကို လက်ကမချဘဲ သားသမီးကို ဆေးလိပ်မသောက်ရန် ဆုံးမခြင်းများသည် လွဲချော်နေသော ဖြစ်ရပ်များသာလျှင် ဖြစ်ပေသည်။

မိမိစားရာမှ ကျန်သည့် အကြွင်းအကျန်၊ အိတ်ခွံများကို စနစ်တကျ သတ်မှတ်နေရာသို့ စွန့်ပစ်ရန် သိတတ်စအရွယ် ကတည်းက သင်ပေးနိုင်ပါသည်။ တပည့်မကောင်း ဆရာ့ ခေါင်းဖြစ်သလို သားသမီးမကောင်း မိဘခေါင်းပင်ဖြစ်ပါ သည်။ မကြာသေးမီက လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အဆိုတော် တစ်ယောက်၏ သားလေးကို မီဒီယာများက အင်တာဗျူးထားသည့် ဖိုင်လေးကြည့်လိုက်ရသည်။ ကလေးသည် အရွယ်နှင့်မလိုက်စွာ မီဒီယာများ၏ အမေးမှန်သမျှကို တည်ငြိမ်စွာ၊ ယဉ်ကျေးစွာ ဖြေသွားနိုင်သည်။ အံ့သြစရာ ကောင်းသလို အတုယူဖွယ်လည်း ကောင်းလှသည်။ အပြော အဆိုယဉ်ကျေးသိမ်မွေ့မှုရှိစေရန် ငယ်စဉ်ကပင် သွန်သင်ထားသည်ဟု မိခင်ဖြစ်သူ၏ ဖြေကြားချက်အရ သိရသည်။ အဖြစ်သင့်ဆုံးသော သွန်သင်မှုဖြစ်လေသည်။ လူတိုင်းတွင် ရှိသင့်သော လူ့ကျင့်ဝတ်များ၊ ကိုယ်ချင်းစာတရားများရှိရန် အထူးလိုအပ်သည်။ ထို့ကြောင့် မိမိ၏ သားသမီးများကို ငယ်စဉ်ကပင် အကြောင်းအကျိုးပြသွန်သင်ဆုံးမထား သင့်ပါသည်။ လွန်ခဲ့သည့် နှစ်ရက်က ကျွန်မ အင်တာနက် သုံးနေချိန်မက်ဆေ့တစ်စောင်၀င်လာသည်။ ပို့သူက တပည့်ဟောင်းတစ်ယောက်။ စာလုံးက တစ်လုံးတည်း။ 'ဟိုင်း' ဟူ၍ ဖြစ်သည်။ ကျွန်မဒေါသလည်းထွက်ရသလို စိတ်မကောင်းလည်း ဖြစ်ရသည်။ မိမိကို သင်ကြားပြသပေးခဲ့သူ ဆရာမကို 'မင်္ဂလာပါ'ဟု နှုတ်ဆက်ရန် ဘာကြောင့် ၀န်လေးရသလဲဟု တွေးမိသည်။ ကျွန်မတို့ ဆရာမများ ကိုယ်တိုင်ဆုံးမရန် လိုအပ်သလို မိဘများတွင်လည်း တာ၀န်ရှိပါသည်။

ကျွန်မကျောင်းသို့ သွားရာလမ်းသည် လွန်ခဲ့သည့်နှစ်က အလွန်ပင်ဆိုးပါသည်။ ကျောက်ခဲစားသွားလျှင် အစာကြေလောက်သည့်လမ်းဟု မညှာမတာ ညွှန်းဆိုချင်သည်။ တော်တန်ရုံ ကယ်ရီသမားများပင် ငှားလျှင်မလိုက်ချင်ကြ။ သို့သော် နောက်နှစ်၌ နိုင်ငံတော်၏ လမ်းညွှန်စီမံမှုဖြင့် ကတ္တရာလမ်းအဖြစ် အသွင်ပြောင်းခဲ့သည်။ မြေသယ်ကားများ၊ စပါးသယ်ကားများ၊ ဆိုင်ကယ်ကယ်ရီသမားများ အဆင်ပြေခဲ့ကြသည်။ မိုးတွင်းဘက်ရောက်သောအခါ ကား၏ အလေးချိန်ကြောင့် အချို့နေရာများတွင် ချိုင့်သေးသေးများဖြင့် အစပြုလာသည်။ ထိုနေရာမှ တဖြည်းဖြည်း ခဲအသေးများ တစ်လုံးစီထွက်လာသည်ကို ကျွန်မကျောင်း သွားရင်း သတိပြုမိသည်။ တစ်လခန့်ကြာသောအခါ ချိုင့်အသေးသည် တစ်ထွာခန့်၊ ထိုမှတစ်ဆင့် တစ်တောင်ခန့်၊ ထိုမှတစ်ဆင့် ကားလမ်းအလယ်၌ ချိုင့်ခွက်အကြီးဖြစ်လာ တော့သည်။ သုံးလခန့်ကြာသောအခါ ပြေပြစ်နေသော လမ်းကလေးသည် တစ်ဖာလုံခန့်အထိ ချိုင့်ဖြစ်သွားသည်ကို မယုံနိုင်ဖွယ်ရာ တွေ့ရသည်။ ကျွန်မစဉ်းစားမိသည်။ ချိုင့် စတင်ဖြစ်လာကတည်းကသာ ပြုပြင်ဖာထေးခဲ့ပါက ယခု လောက်ကြီးထွားလာမည် မထင်ပါ။ မပြုပြင် မဖာထေးခဲ့သောကြောင့်သာ အချိန်ကြာသည်နှင့်အမျှ ပြုပြင်မှုအကြီး စားလုပ်ရမည့် အခြေအနေသို့ ရောက်သွားခဲ့ရသည်။

လူသားတိုင်းအတွက် မိဘဟူသည် လက်ဦးဆရာ ဖြစ်ပါသည်။ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များ အတွက် မိဘသည် စံပြပုဂ္ဂိုလ်ဖြစ်သည်။ သားသမီးများ၏ ကောင်းခြင်း၊ ဆိုးခြင်းသည် မိဘများ၏ လက်ဆင့်ကမ်းအမွေ ဖြစ်ပါသည်။ မိဘတိုင်းကလည်း သားသမီးများကို ငယ်စဉ်ကပင် သွန်သင်ဆုံးမမှုပြုခဲ့မည်ဆိုပါက လူအများ လက်ညှိုးထိုးခံရသောအဖြစ်မှ ကင်းဝေးနိုင်ပါသည်။ အစကောင်းထားမှသာ ကျွန်မတွေ့ခဲ့ရသည့် ချိုင့်ခွက်ကဲ့သို့ အကြီးစားပြုပြင်မှုနှင့် ကင်းဝေးရမည် ဖြစ်ပါပေသည်။ ။

ပန်းရင့်နွယ်