ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများ

ဖြိုးသန္တာလင်း

 

အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို နှစ်စဉ် ရွေးချယ်ချီးမြှင့်ပေးနေသော စာပေဗိမာန်ဟု ဆိုလိုက်လျှင် စာပေ ချစ်မြတ်နိုး သူတိုင်း သိရှိကြသည်ပင်။ စာပေဗိမာန်သည် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ ဌာနတစ်ခုဖြစ်ပြီး မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု စာပေအသိဉာဏ် ထက်မြက်စေရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးရှင်သန် စေရေးတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

 

စာပေဆုများ ရွေးချယ်

 

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် ပြည်သူ့ အတွက် ဒုတိယ () နှစ်တာ ကာလအတွင်း စာပေဗိမာန် ဆုရ စာမူ ၆၄ ခုနှင့် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုရ စာမူ ၂၄ ခု စုစုပေါင်း ဆုရစာမူ ၈၈ ခုကို စာအုပ်အဖြစ် ထုတ်ဝေနိုင်ခဲ့ပါသည်။ ထိုသို့ စာအုပ်အဖြစ် ထုတ်ဝေလိုက်သော စာပေဗိမာန် စာမူဆုရ စာအုပ်များသည် လာမည့်နှစ် အမျိုးသားစာပေဆုတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ စာပေဗိမာန်စာမူဆုရ စာမူများကို ပြည်သူ့လက်စွဲစာစဉ်အဖြစ် နှစ်စဉ် ပုံနှိပ်ဖြန့်ချိ ပေးလျက်ရှိပါသည်။

 

စာပေဆုများ ရွေးချယ်ရာတွင် စာပေလောကမှ စာပေပညာရှင်ကြီးများ၊ အသိပညာရှင်၊ အတတ်ပညာရှင် များဖြင့် တစ်နှစ်သက်တမ်းရှိ အမျိုးသားစာပေဆု ရွေးချယ်ရေးကော်မတီနှင့် နှစ်နှစ်သက်တမ်းရှိ စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့တို့ ဖွဲ့စည်းကာ ဘာသာရပ်အလိုက် အဖွဲ့ငယ်များခွဲ၍ ပဏာမအဆင့်၊ ဆန်ခါတင် အဆင့်နှင့် အတည်ပြုအဆင့်ဟူ၍ အဆင့်ဆင့် စိစစ်ရွေးချယ်ပါသည်။

 

အမျိုးသားစာပေဆုတွင် ဘာသာရပ် ၁၆ မျိုး၊ စာပေ ဗိမာန်စာမူဆုတွင် ဘာသာရပ် ၁၃ မျိုး ခွဲခြားယှဉ်ပြိုင် ရခြင်းဖြစ်ပြီး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအနေဖြင့် စာပေရွေးချယ်ရေး ပညာရှင်များ ဆုစိစစ်ရွေးချယ်ရေး အစည်းအဝေးများ ကျင်းပရေးနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပရေးတို့အတွက် အုပ်ချုပ်ထောက်ပံ့မှုကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ဆုရွေးချယ်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အများပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေရန် ပြန်ကြားရေးဝန်ကြီးဌာန၏  Webportal  နှင့် စာပေဗိမာန်  Website  တို့တွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးလျက်ရှိပါသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်သည် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု စာပေအသိဉာဏ် ထက်မြက်စေရေး၊ လူမှုဘဝ ဖွံ့ဖြိုးရှင်သန် စေရေးတို့ကို ရည်ရွယ်၍ အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုများကို နှစ်စဉ်ချီးမြှင့် ပေးလျက်ရှိရာ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့အတွက် အမျိုးသား စာပေဆုနှင့် စာပေဗိမာန် စာမူဆုများ ရွေးချယ်ချီးမြှင့်ပေးနိုင်ခဲ့မှုကိုလည်း ဖော်ပြလိုပါသည်။

 

၂၀၁၅ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆု တစ်ဆုလျှင် ငွေကျပ် ၂၅ သိန်းဖြင့် ဆု နှစ်ဆု၊ အမျိုးသား စာပေဆုတစ်ဆုလျှင် ကျပ် ၁၅ သိန်းဖြင့် ဆု ၁၁ ဆုနှင့် စာပေဗိမာန် စာမူဆု ဘာသာရပ် ၁၂ မျိုးအတွက် ပထမဆု ကျပ် ခုနစ်သိန်း၊ ဒုတိယဆု ကျပ် ငါးသိန်း၊ တတိယဆု ကျပ် သုံးသိန်းဖြင့် ဆု ၃၃ ဆုကို ချီးမြှင့်ပေးခဲ့ပါသည်။

 

အလားတူ ၂၀၁၆ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆု တစ်ဆုလျှင် ငွေကျပ် ၂၅ သိန်းဖြင့် ဆု သုံးဆု၊ အမျိုးသားစာပေဆု တစ်ဆုလျှင် ကျပ် ၁၅ သိန်းဖြင့် ဆု ၁၀ ဆုနှင့် စာပေဗိမာန် စာမူဆု ဘာသာရပ် ၁၁ မျိုးအတွက် ပထမဆု ကျပ် ခုနစ်သိန်း၊ ဒုတိယဆု ကျပ် ငါးသိန်း၊ တတိယဆု ကျပ် သုံးသိန်းဖြင့် ဆု ၂၆ ဆုကို ချီးမြှင့်ပေးခဲ့ပါသည်။

 

စာပေဗိမာန်တည်ထောင်သည့် နှစ် (၇၀) ပြည့်

 

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၆ ရက်သည် စာပေဗိမာန် တည်ထောင်သည့် နှစ်(၇၀) ပြည့်နေ့ ဖြစ်ပါသည်။ ထို့ကြောင့် စာပေဗိမာန် နှစ်(၇၀) ပြည့် အထိမ်းအမှတ်အဖြစ် သုတပဒေသာ ဆောင်ပါးပေါင်းချုပ် အထူးထုတ်ကို ထုတ်ဝေခဲ့ပါသည်။ သုတပဒေသာ ဆောင်းပါးပေါင်းချုပ်ကို အခါအားလျော်စွာ အထူးထုတ်အဖြစ် ပြုစုထုတ်ဝေပေး လျက်ရှိပါသည်။

 

ကလေးငယ်များအတွက် ရည်ရွယ်၍ အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ပြုစုထုတ်ဝေ လျက်ရှိပြီး ၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် ရွှေသွေးအထူးထုတ် စာစောင်များကို ထုတ်ဝေခဲ့ပါသည်။

 

လူငယ်စာဖတ်ပရိသတ်အား ရည်ရွယ်သည့် သုတ၊ ရသ အကြောင်းအရာများကို ဘာသာပြန်ဆို၍ သုတ ပဒေသာစာစောင်အဖြစ် လစဉ်ပြုစုထုတ်ဝေလျက်ရှိသည့် အပြင် ပြက္ခဒိန်တစ်နှစ်အတွင်း မြန်မာနိုင်ငံနှင့် ကမ္ဘာပေါ် တွင် ဖြစ်ပွားသော အကြောင်းအရာများကို အက္ခရာဖြင့်စဉ်၍ တစ်နှစ်လျှင် တစ်ကြိမ် မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ ပြုစုထုတ်ဝေလျက် ရှိသည်။

 

ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော စာအုပ်စာစောင် များကို မြန်မာဘာသာသို့ပြန်ဆို၍ ဘာသာပြန်စာအုပ်များ ပြုစု ထုတ်ဝေလျက်ရှိရာ နှစ်နှစ်တာ ကာလအတွင်း ဟီလာရီ ကလင်တန်၏ ခေါင်းဆောင်မှု လျှို့ဝှက်ချက်စာအုပ်နှင့် နိုင်ငံသားဖြစ်ခြင်း၏ တန်ဖိုး၊ ကြယ်စင်များဆီသို့နှင့် အာရှ လူငယ်များစာအုပ်တို့ကို ဘာသာပြန်ဆို ထုတ်ဝေခြင်း၊ ဂျပန်နိုင်ငံ Shanti စေတနာ့ဝန်ထမ်းအဖွဲ့နှင့်ပူးပေါင်း၍ လူငယ်များအတွက် ဘာသာပြန်ပြိုင်ပွဲများ ကျင်းပပြီး ပထမဆုရစာမူကို ပုံနှိပ်ထုတ်ဝေ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များသို့ လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

 

စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များ

 

စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို ရန်ကုန်နှင့် မန္တလေးတို့တွင် ဖွင့်လှစ်ထားပြီး စာကြည့်တိုက်သို့ လာရောက်လေ့လာသော ပုဂ္ဂလိကစာကြည့်တိုက်မှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ စာကြည့်တိုက်ပညာ လေ့လာသူများကို စာကြည့်တိုက်လုပ်ငန်းစဉ်များ ရှင်းလင်း သင်ကြားပေးခြင်း၊ ကျမ်းပြုစုကြမည့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများအား လိုအပ်သည့် ကျမ်းကိုး စာအုပ်၊ စာစောင်များ ကူညီပေးခြင်းတို့ဖြင့် ပြည်သူ့ထံ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ ကလေးများအတွက် ပုံပြောပြိုင်ပွဲများ၊ လျှပ်တစ်ပြက်နှုတ်စွမ်းရည်မှု ပြိုင်ပွဲများ၊ ရွှေသွေးအရွယ် ချစ်စဖွယ် ကဗျာရွတ်ဆို ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိသည်။

 

စာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်များ

 

စာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်များကို ဦးဆောင်ကျင်းပပေးခဲ့ပြီး နိုင်ငံရေး စာတမ်းဖတ်ပွဲ နှင့် မိုးရာသီဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနတည်ရှိရာ အမှတ် (၂၂၈) သိမ်ဖြူလမ်း ဗဟိုပုံနှိပ်စက်ရုံ အဆောက်အအုံတွင် ၂၉--၂၀၁၆ ရက်မှ ၃၁--၂၀၁၆ ရက်အထိ သုံးရက်တာ ကျင်းပခဲ့ပြီး စာတမ်း ၁၆ စောင်ကို ဖတ်ကြားကာ စာအုပ်ဆိုင်ခန်းပေါင်း ၁၇၀ ကျော် ဖွင့်လှစ်ရောင်းချခဲ့သည်။

 

ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် ဆောင်း ရာသီဈေးရောင်းပွဲတော်ကို -၁၂-၂၀၁၆ ရက်မှ -၁၂- ၂၀၁၆ ရက်အထိ လေးရက်တာ ကျင်းပခဲ့ပြီး စာတမ်း ၁၄ စောင်ကို ဖတ်ကြားကာ စာအုပ်ဆိုင် ခန်းပေါင်း ၂၀ဝ ကျော်ကိုလည်းကောင်း၊ ဘာသာပြန်စာတမ်းဖတ်ပွဲနှင့် နွေရာသီဈေးရောင်းပွဲတော်ကို ၂၉--၂၀၁၇ ရက်မှ -- ၂၀၁၇ ရက်အထိ သုံးရက်တာ ကျင်းပခဲ့ပြီး စာတမ်း ၁၅ စောင်ကို ဖတ်ကြားကာ စာအုပ်ဆိုင်ခန်းပေါင်း ၁၆၅ ကျော် ကိုလည်းကောင်း ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

 

စာတမ်းဖတ်ပွဲတွင် ဖတ်ကြားခဲ့သည့် စာတမ်းများကို စာအုပ်ထုတ်ဝေပြီး စိတ်ပါဝင်စားသူများ လေ့လာဖတ်ရှုနိုင်ရန် ဈေးနှုန်းချိုသာစွာဖြင့် ရန်ကုန်မြို့ရှိ စာပေဗိမာန် အရောင်းဆိုင်၊ နေပြည်တော်ရှိ သပြေကုန်း အရောင်းဆိုင်နှင့် မန္တလေးအရောင်းဆိုင်များတွင် ရောင်းချပေးလျက်ရှိသည်။

 

စာပေကို စိတ်ဝင်စားသည့် ပြည်သူများ တစ်နေရာ တည်းတွင် ဈေးနှုန်းချိုသာစွာ စာအုပ်များ ဝယ်ယူနိုင်ရန် စာအုပ်ဈေးတန်းအဖြစ် ရန်ကုန်မြို့ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနနှင့် ဝန်ကြီးများရုံးရှေ့ရှိ သိမ်ဖြူလမ်းမပေါ်တွင် အပတ်စဉ် အများပြည်သူ ရုံးပိတ်ရက်များ ဖြစ်သည့် စနေ၊ တနင်္ဂနွေရက်များတွင် စာအုပ်ဆိုင်ခန်းပေါင်း ၁၀ဝ ကျော်ဖြင့် ရောင်းချပေး လျက်ရှိပါသည်။

 

စာပေဗိမာန်စာအုပ်အရောင်းဆိုင်များ

 

စာပေဗိမာန်စာအုပ်အရောင်းဆိုင်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ဖွင့်လှစ်၍ စာပေဗိမာန်ထုတ် စာအုပ်များအပြင် ပြင်ပပုံနှိပ်တိုက် ၆၆၈ ခုမှ ထုတ်ဝေ သော စာအုပ်များပါ သုတ၊ ရသ စာအုပ်စာစောင်များ တစ်နေရာတည်း စုံလင်စွာ ဝယ်ယူရရှိနိုင်ရေး စီစဉ် ရောင်းချပေးလျက်ရှိသည်။

 

စာပေဗိမာန်အသင်းဝင်အဖြစ် ပါဝင်ထားပါက အသင်းဝင်များအား စာပေဗိမာန်ထုတ် စာအုပ်များကို အသင်းဝင်သက်တမ်း ၁၀ နှစ်နှင့်အထက် ရှိသူများထံ စာအုပ်တန်ဖိုး ၅၀ ရာခိုင်နှုန်း လျှော့၍လည်းကောင်း၊ အသင်းဝင်သက်တမ်း ငါးနှစ်နှင့် ၁၀ နှစ်ကြား ရှိသူများကို စာအုပ်တန်ဖိုး၏ ၂၅ ရာခိုင်နှုန်း လျှော့၍လည်းကောင်း၊ အသင်းဝင်သက်တမ်း ငါးနှစ်အောက်ရှိသူများကို စာအုပ် တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း လျှော့၍လည်းကောင်း ဖြန့်ဝေ ပေးလျက်ရှိပြီး စာပေဗိမာန်စာအုပ် အသင်းသား ၉၅၄ ဦးရှိကြောင်း သိရသည်။

 

ပုံနှိပ်လုပ်ငန်းဆောင်ရွက်မှုများ

 

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနက အပ်နှံသော အခြေခံပညာ ကျောင်းသုံး ဖတ်စာအုပ်များ ပုံနှိပ်ထုတ်လုပ်ခြင်းလုပ်ငန်းကို နှစ်စဉ် အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီး အောင် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်းသုံး အမှာစောင်ရေ ၁၇ ဒသမ ၁၀၉ သန်း ပုံနှိပ် ဆောင်ရွက် ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်အတွက် ကျောင်းသုံးအမှာစောင်ရေ ၃၅ ဒသမ ဝ၂၅ သန်း တိုးမြှင့်ပုံနှိပ်ထောက်ပံ့နိုင်ခဲ့ပါသည်။

 

အပတ်စဉ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်း အပါအဝင် အခြားဝန်ကြီးဌာနနှင့် ပြင်ပပုဂ္ဂလိကတို့မှ အပ်နှံသော ပုံနှိပ်လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး နိုင်ခဲ့ပြီး အစိုးရ နှစ်နှစ်တာကာလအတွင်း ပုံနှိပ်စာအုပ်ပေါင်း ၁၁၆၉၈၆၆၂ အုပ် ပုံနှိပ်ထုတ်လုပ်နိုင်ခဲ့ပြီး ပုံစံရွက်လွတ် ၁၇ ဒသမ သန်း ပုံနှိပ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

ပြန်ကြားရေး ဝန်ကြီးဌာနက ကြီးမှူးကျင်းပသော အခမ်းအနားများနှင့် နိုင်ငံတော်အဆင့် အခမ်းအနား များကို မှတ်တမ်းတင်ထားရှိနိုင်ရန်အတွက် မှတ်တမ်းစာအုပ်များ ပြုစုပုံနှိပ်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

 

နိုင်ငံရေး စာပေစာတမ်းဖတ်ပွဲနှင့် ခေတ်ပြိုင်သမိုင်း ဆိုင်ရာ စာတမ်းဖတ်ပွဲတို့တွင် ဖတ်ကြားခဲ့သော စာတမ်း များနှင့် မေး/ဖြေ ဆွေးနွေးသည့် အချက်များကို စာအုပ် အဖြစ် (+ဒု) တွဲ အုပ်၊ ဥပ္ပါတသန္တိစေတီတော်မှတ်တမ်း စာအုပ်၊ ငြိမ်းချမ်းရေးကာတွန်းပြပွဲ မှတ်တမ်းစာအုပ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ (ပထမအကြိမ်)မှတ်တမ်းစာအုပ်၊ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ (၂၁) ရာစုပင်လုံ (ဒုတိယအကြိမ်) မှတ်တမ်း စာအုပ်၊ စာပေဗိမာန် နှစ်(၇၀)ပြည့် မှတ်တမ်းစာအုပ်၊ သုတပဒေသာပေါင်းချုပ်စာအုပ်၊ နိုင်ငံတော်အစိုးရ၏ ပထမ တစ်နှစ်တာ ဆောင်ရွက်ချက်များ မှတ်တမ်းစာအုပ်နှင့် ပြည်သူ့အတွက် ပထမ ရက် ၁၀ဝ မှတ်တမ်းစာအုပ် များကို ပုံနှိပ်ပေးနိုင်ခဲ့သည်။

 

ဆက်လက်ဆောင်ရွက်မည့် စာပေဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ

 

ယခင်က ထုတ်ဝေဖြန့်ချိခဲ့သည့် စာအုပ်များအနက် ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေမည့် အကြောင်း အရာနှင့် စာပေအရေးအသားတို့ ဖော်ကျူးထားသည့် ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာစာစဉ်တွဲ စာအုပ်များကို မြန်မာ စာအုပ် (၁၀ဝ) စာစဉ်တွဲများအဖြစ် ပြန်လည်ပုံနှိပ်ထုတ်ဝေ နိုင်ရေး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိရာ ဝတ္ထုရှည်စာတွဲမှာ မကြာမီထွက်ရှိတော့မည်ဖြစ်ပါသည်။ ကျန် စာစဉ် စာအုပ်တွဲများ ကိုလည်း စဉ်ဆက်မပြတ် ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်သည်။

 

မြန်မာပြည်သူများ ဗဟုသုတြွကယ်ဝစေရေး လေ့လာ နိုင်ရန် ကျမ်းပြု ကျောင်းသား ကျောင်းသူများ အထောက် အကူဖြစ်စေရေး ရည်ရွယ်၍ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် ထွန်းကော်မာရှယ် ဖောင်ဒေးရှင်းတို့ ပူးပေါင်း ကာ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က ထုတ်ဝေခဲ့သော မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲကို ပြန်လည်ပြုစုထုတ်ဝေရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

 

ရွှေသွေးဂျာနယ်ကို ကလေးသူငယ်များ ပညာဗဟုသုတ တိုးပွားစေရေးအတွက် အပတ်စဉ် ပြုစုထုတ်ဝေ လျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် နှစ် (၅၀) ပြည့်မြောက်မည် ဖြစ်၍ ရွှေသွေးဂျာနယ် ရွှေရတုအထူးထုတ်ကို ပြုစု ထုတ်ဝေရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

 

တိုင်းရင်းသားပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်း စေမည့် အကြောင်းရပ်များကို ရွေးချယ်ကာ ဘဏ္ဍာနှစ် တစ်နှစ်လျှင် စာတမ်းဖတ်ပွဲ သုံးကြိမ်နှင့် စာပေဆွေးနွေး ပွဲများ၊ စာပေစကားဝိုင်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စာအုပ်ပြပွဲများကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ဘာသာပြန် ကလေးစာအုပ်များ ထုတ်ဝေဖြန့်ချိ နိုင်ရေး၊ နှစ်လလျှင်တစ်ကြိမ် ကလေးစာစောင် စာအုပ် ထုတ်ဝေနိုင်ရေး၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုများအတွက် ဆုငွေများ ထိုက်တန်စွာ ချီးမြှင့်နိုင်ရေးတို့ကို လျာထားစီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။

 

ဆက်လက်ဆောင်ရွက်မည့် ပုံနှိပ်လုပ်ငန်းများ

 

အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်ထုတ် စာအုပ်၊ စာစောင်များ အချိန်နှင့်တစ်ပြေးညီ ပုံနှိပ်ထုတ်လုပ်ခြင်း၊ အခြား အစိုးရဌာနများနှင့် ပုဂ္ဂလိကတို့ကအပ်နှံသော ပုံနှိပ် လုပ်ငန်းများကို အရည်အသွေးကောင်းမွန်စွာ ပုံနှိပ်ပေး ခြင်း၊ နိုင်ငံတော်မှ ကျင်းပပြုလုပ်သည့် အခမ်းအနားများ၏ မှတ်တမ်းစာအုပ်များကို ပုံနှိပ်ထုတ်လုပ်ခြင်း စသည့်ပုံနှိပ်လုပ်ငန်းများအပြင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ အတွက် ဆန္ဒမဲလက်မှတ်များကို လုံခြုံမှု ရှိစွာဖြင့် အချိန်မီ ပုံနှိပ်ပေးခြင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ကြိုတင်ညှိနှိုင်းချက်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသုံး ဖတ်စာအုပ် အမှာစောင်ရေ သန်း ၅၀ ခန့်ကို ပုံနှိပ်ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။

 

လွန်ခဲ့သည့် ၁၈၈၀ ပြည့်နှစ် ရန်ကုန်ဗဟိုအကျဉ်း ထောင်တွင် စတင်တည်ထောင်ရာ အစိုးရ ပုံနှိပ်တိုက်မှသည် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအဖြစ် အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်လာကာ နှစ်ပေါင်း ၁၃၀ ကျော်ခဲ့ပြီ ဖြစ်ပါသည်။ နှစ်ကာလရှည်ကြာစွာ ရပ်တည်ခဲ့သော ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနသည် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘာသာပြန်စာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အစိုးရ၏ ပုံနှိပ်လုပ်ငန်း များကို အရည်အသွေးပြည့်မီစွာဖြင့် အချိန်နှင့်တစ်ပြေးညီ ပုံနှိပ်ပေးရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။