ပုံမှန်ဝင်ငွေဖော်ဆောင်နိုင်သော ခရီးဆောင်အိတ်ချုပ်လုပ်ငန်း

မန္တလေး ၁၆ စက်တင်ဘာ

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် တောင်ငူစုကျေးရွာတွင် အိမ်တွင်းမှု ခရီးဆောင်အိတ်ချုပ်လုပ်ငန်း လုပ်ကိုင်လျက်ရှိရာ တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေရရှိသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း တောင်ငူစုကျေးရွာမှ ခရီးဆောင်အိတ်ချုပ်သူ မဇင်မာထွန်း က ပြောပြသည်။

ခရီးဆောင်အိတ်ချုပ်ရာတွင် ကုန်ကြမ်းများကို အိမ်အထိပို့ပေးကာ အပ်ချုပ်အပ်ကြသည်။ အိတ်ချုပ်ရာတွင် အရွယ်အစား ငါးမျိုးချုပ်ရသည်။ ခရီးဆောင်အိတ် အသေးတစ်အိတ်လျှင် ငွေကျပ်တစ်ရာရရှိပြီး အိတ်အကြီးတစ်လုံးလျှင် ငွေကျပ် ၂၄၀ ရရှိသည်။ အလယ်အလတ်အိတ် အရွယ်အစားများမှာ အိတ်တစ်လုံးလျှင် အရွယ်အစားအလိုက် ၁၂၀ ကျပ်၊ ၁၅၀ ကျပ်၊ ၁၈၀ ကျပ် ၂၀၀ ကျပ်အထိ ရရှိသည်။

ခရီးဆောင်အိတ်ချုပ်သူတစ်ဦးလျှင် အိတ် ၃၀ ကျော်အထိ ပြီးစီးပြီး မိန်းကလေးတစ်ဦးလျှင် ငွေကျပ် ၅၀၀၀ မှ ၇၀၀၀ ကျော်အထိ ရရှိသည်။ လက်ရှိကာလတွင် မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် တောင်ငူစုရွာတွင် ခရီးဆောင်အိတ်ချုပ် အိမ်တွင်းမှုလုပ်ငန်းဖြင့် ပုံမှန်ဝင်ငွေဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

တိမ်တမန်