ပုဂံညောင်ဦးဒေသ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ယူရေး လုပ်ငန်း အရှိန်အဟုန်မပျက် ဆောင်ရွက်

ညောင်ဦး ၁၂ ဇူလိုင်

 

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသအား အစဉ်အမြဲ သန့်ရှင်း သာယာလှပစေရန်နှင့် ပြည်သူများ ပလပ်စတစ်အမှိုက်များစွန့်ပစ်ရာ၌ စနစ်တကျ စွန့်ပစ်သည့်အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်ပြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် Bagan Plastic Campaign အဖွဲ့တို့က ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၁ ရက် နံနက် ၆ နာရီက ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားတောင်ဘက် စောင်းတန်း၌ စုရပ်ပြုလုပ်ပြီး ကျန်စစ်သားဉမင်စာသင်တိုက်ကျောင်းအထိ လမ်းဘေး (ဝဲ၊ယာ) စွန့်ပစ်ပလပ်စတစ်အမှိုက်များအား စုပေါင်း ကောက်ယူရှင်းလင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စွန့်ပစ်ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ရာသို့ ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်နှင့်မြို့နယ်(ထွေ/အုပ်) ဝန်ထမ်းများ၊ Bagan Plastic Campaign အဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဆွေနှင့် အဖွဲ့ဝင်များ၊ Balloons အဖွဲ့သားများ၊  ညောင်ဦးမြို့၊ ထွန်းဖောင်ဒေးရှင်းဘဏ်မှ ဝန်ထမ်းများ၊ ပုဂံဧည့်လမ်းညွှန်အသင်းမှ အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရား တောင်ဘက် စောင်းတန်းမှ စတင်ကာ ကျန်စစ်သားဉမင်စာသင်တိုက်ကျောင်းအထိ လမ်းဘေး(ဝဲ၊ ယာ)တစ်လျှောက်ရှိ  စွန့်ပစ် ပလပ်စတစ်အမှိုက်များကို အမှိုက်သိမ်းယာဉ်ဖြင့် စုပေါင်းကောက်ယူ ရှင်းလင်းခြင်းနှင့် အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း အရှေ့ဘက်ရှိ ခြုံနွယ်ပိတ်ပေါင်းများအား စနစ်တကျ စုပေါင်းရှင်းလင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

စုပေါင်းသန့်ရှင်းရေး ပါဝင်ဆောင်ရွက်ကြသူများကို စေတနာအလှူရှင်များက လက်အိတ်များ လှူဒါန်းခြင်း၊ Royal – D သီးစုံဓာတ်ဆားဖျော်ရည်ဘူးများနှင့် အကြော်စုံတို့ကို ကုသိုလ်ပြု ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

 

 ရဲဝင်းနိုင် (ညောင်ဦး)

 

mdn