ပုဂံ၊ ရွှေစာရံနှင့် မိုင်းမောဝ် ဧကရီ

၁၂ ဇူလိုင်

 

မိုင်းမောဝ်

ရှမ်းဘာသာစကားဖြင့်ဆိုလျှင် မိန်းမောဝ် ဟု အသံနီးစပ်သည်။ မောဝ်ရှမ်းတို့၏ ပြည်ကြီး ဟု အဓိပ္ပာယ်ရသည်။ ရှေးအခါက မိုင်းမောဝ် ပြည်ကြီးမှာ ဖွံ့ဖြိုးတိုးတက်ပြီး ယဉ်ကျေးမှု အဆင့်အတန်းလည်း မြင့်မားသည်။ ဗုဒ္ဓသာသနာတော်၏ အဆုံးအမကို မင်းစော်ဘွား ကအစ တစ်ပြည်လုံး လိုက်နာကျင့်သုံးခဲ့ကြ သည်။ အဆိုပါ မိုင်းမောဝ်ဒေသမှာ ယခုအခါ တွင် ရွှေလီ၊ ကြယ်ခေါင်၊ မူဆယ်၊ ဆယ်လန့်၊ နမ့်ခမ်းဒေသများ ဖြစ်ခဲ့ကြသည်ဟု သမိုင်း သုတေသီတို့က ဆိုသည်။ ထို့ကြောင့် ဒေသခံ ရှမ်းတိုင်းရင်းသားတို့က ရွှေလီမြို့ကို မိုင်းမောဝ် ဟုခေါ်ပြီး မန်စီကိုလည်း မိန်းခွန်ဟု ခေါ်ဝေါ် ကြဆဲဖြစ်သည်။

 

စွယ်တော်ပင့်ခရီးချီ

မောဝ်ကိုးပြည်ထောင်၌ ပါဝင်ခဲ့သော ထိုမိုင်းမောဝ်ပြည်ကို လွန်ခဲ့သည့် နှစ်တစ်ထောင် ခန့်က မိုင်းမောဝ်ဟော်နန်းရှင် စော်ဘွားကြီး စဝ်လုံဟုံမိန်းက မင်းကျင့်တရားဆယ်ပါးနှင့် အညီ အုပ်ချုပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ပုဂံပြည်ကြီးတွင်လည်း အနုရုဒ္ဓါမည်သော အနော်ရထာဘုရင် နန်းစံလျက်ရှိသည်။ ပုဂံပြည်၌ ရှင်အရဟံမထေရ်မြတ်၏ ကျေးဇူးကြောင့် စစ်မှန်သော ထေရဝါဒသာသနာ ထွန်းကားသည်။ ထိုအခါတွင် အနော်ရထာ ဘုရင်မင်းမြတ်သည် ဂန္ဓလရာဇ်တိုင်းဖြစ်သော တရုတ်ပြည်၌ ကိန်းဝပ်နေသည့် ဗုဒ္ဓစွယ်တော် မြတ်ကို ပင့်ယူကိုးကွယ်လိုခဲ့သည်။ ထို့ကြောင့် စစ်သည်ဗိုလ်ပါ အလုံးအရင်းဖြင့် ၁၀၅၇ ခုနှစ် ဒီဇင်ဘာလတွင် ဧရာဝတီမြစ်ကိုဆန်တက်၍ ဗန်းမော်လမ်းကြောင်းမှတစ်ဆင့် ယူနန်ပြည် နယ်(နန်ချိုပြည်နယ်)သို့ စွယ်တော်ပင့်ခရီးချီခဲ့ သည်။

 

ထို့နောက် အများသိရှိပြီးဖြစ်သည့်အတိုင်း မြတ်ဗုဒ္ဓစွယ်တော်အစား မြဆင်းတုတော် တစ်ဆူကိုသာ ပင့်ဆောင်ခဲ့ရပြီး အပြန်ခရီးစဉ်၌ မိုင်းမောဝ်ဟော်နန်းတော်သို့ ဝင်ရောက်ခဲ့သည်။ အနော်ရထာက သူမတူအောင် လှပ သိမ်မွေ့ပြီး မိန်းမကောင်းမိန်းမမြတ်တို့၏ အင်္ဂါရပ်များနှင့် ပြည့်စုံသည့် မိုင်းမောဝ် စော်ဘွားကြီး၏သမီးတော် စဝ်မွမ်းလ(အလှကျက်သရေဂုဏ်နှင့် ပြည့်စုံသည့် မင်းသမီး) ခေါ် စောမွန်လှကို ချစ်ခင်မြတ်နိုး၍ လက်ဆက် ခွင့်တောင်းခံခဲ့သည်။

 

စော်ဘွားကြီး စဝ်လုံဟုံမိန်းကလည်း မိုင်းမောဝ်နှင့် ပုဂံပြည်တို့ နှစ်ပြည်ထောင် ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲရှင်သန်စေရန် ရည်ရွယ်၍ အရွယ်ရောက်လင့်နေပြီဖြစ်သောသမီးတော်စောမွန်လှအား အနော်ရထာဘုရင်နှင့် လက်ဆက်ပေးခဲ့သည်။ သမီးတော် စောမွန်လှသည်လည်း လိမ္မာယဉ်ကျေးမှုရှိသော သမီးတော်တစ်ပါးဖြစ်သည်နှင့်အညီ ဖခမည်း တော်စော်ဘွားကြီး၏စကားကို နာခံလိုက်နာ၍ အနော်ရထာဘုရင်အား လက်ဆက်ကာ ပုဂံပြည်သို့ အတူလိုက်ပါခဲ့တော့သည်။

 

မိုင်းမောဝ်မင်းသမီး စောမွန်လှသည် ဘုရင်အနော်ရထာနှင့် လက်ဆက်ကာ ပုဂံ ပြည်သို့လိုက်ပါရသည့် ခရီးစဉ်တစ်လျှောက်၌ဆုတောင်းပြည့်မြတ်စွာဘုရား(ယခု တောင်ပြုံး အုတ်နှစ်ချပ်လပ်ဘုရား) ယခု မန္တလေးတောင် ထိပ်၌ ဘုရားတစ်ဆူ၊ ဧရာဝတီမြစ်ကမ်းဘေး၌ ရွှေကြက်ယက်ဘုရားနှစ်ဆူတို့ကို တည်ထား ရာတွင် ဘုရင်နော်ရထာနှင့်အတူ ပါဝင်ဆောင် ရွက်ပြီး ရတနာရွှေဖောင်ဖြင့် ပုဂံနေပြည်တော် သို့ စုန်ဆင်းခဲ့ကြလေသည်။

 

စောမွန်လှသည် ပုဂံပြည်သို့ရောက်ပြီးနောက် ဘုရင်အနော်ရထာ၏ မိဖုရားအဖြစ် ချီးမြှောက်ခြင်းခံခဲ့ရပြီး မိဖုရားတစ်ပါး၏ အဆောင်အယောင်များ ရရှိခဲ့သည်။ စောမွန်လှ မှာ ထိုလောကီစည်းစိမ်များထက် ငြိမ်းချမ်းမှု၊ အေးမြမှုကိုသာ ပိုမိုလိုလားသည်။ ထို့ကြောင့် ရှင်အရဟံမထေရ်မြတ် သီတင်းသုံးတော်မူရာ အုဋ်ကျောင်းတော်သို့ သွားရောက်၍ အဆုံး အမသြဝါဒများကို နာကြားခံယူသည်။ သစ္စာလေးပါးတရားကို နာယူအားထုတ်ခဲ့သည်။ ကျန်သောအချိန်ကာလများ၌ ဘုရင်အနော် ရထာနှင့်အတူ သာသနာရေး၊ တိုင်းပြည် သာယာဖွံ့ဖြိုးရေးတို့အတွက် လက်တွဲဆောင် ရွက်ခဲ့သည်။ ပုဂံနှင့် မိုင်းမောဝ်တို့ ချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မြဲရန်ကြိုးစားပြီး ပုဂံသူ ပုဂံသားများကိုလည်း မေတ္တာတရားအခြေခံ၍ ဆက်ဆံခဲ့သည်။ ပုဂံပြည်သူ ပြည်သားတို့ကလည်း မိုင်းမောဝ်မင်းသမီးလေး စောမွန်လှ အား အထူးချစ်ခင်လေးစားခဲ့ကြသည်။

 

ပေါ်တော်မူရွှေစာရံဘုရား ခေါ်ဝေါ်

စောမွန်လှအနေဖြင့် ပုဂံပြည်၌ မိမိကောင်းမှုတော်များအဖြစ် ဘုရားစေတီများကို လည်း တည်ထားခဲ့သည်။ ကျောင်း၊ ကန်၊ ဇရပ် များလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်ဟု သိရသည်။ ပြန်လည်တူးဖော်တွေ့ရှိရ၍ ပုဂံဒေသများနှင့် တိုင်းရင်းသားများပါ လာရောက် ဖူးမြော်ကြည်ညိုနေသော စောမွန်လှ၏ ကောင်းမှုတော်ဖြစ်သော စေတီတော်နှင့် ရုပ်ပွားတော်တစ်ဆူကို ပုဂံမြို့တောင်ဘက် အရှေ့ရနောင်းကျေးရွာအနီး၌ တွေ့ရှိခဲ့ရသည်။ ပုဂံဒေသခံများကတော့ ပေါ်တော်မူရွှေစာရံ ဘုရားဟု ခေါ်ဝေါ်ကြသည်။ ပုဂံပြတိုက်မှူး ဦးညီမွန်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ပြတိုက်ဝန်ထမ်းများ၏ ကူညီမှုဖြင့် ဘုရားမှတ်တမ်းကို တွေ့ရှိမှတ်သား ခဲ့ရသည်။ အဆိုပါဘုရားမှတ်တမ်းတွင် ပုဂံမြို့ ဘုရားစာရင်း အရေအတွက်နံပါတ် ၁၀၂၂၊ မူလ နံပါတ် ၄၁၇၊ က-ခနံပါတ်(င)အဆောက်အအုံ ဘုရားအမည် ရွေစာရံဘုရား၊ တည်ရာဌာန၊ တွင်းရွာတောင်၊ ပုံသဏ္ဌာန်ကုလားကျောင်းခံ၊ အရပ်အမြင့်ပမာဏ(၃၀)၊ အကြောင်းအရာ အတ္ထုပ္ပတ္တိဖော်ပြချက် တောင်ဘုရားနံပါတ် တိုင်းသည် နယ်ဆုံးပြီ။ ပေါ်တော်မူဟု ခေါ်သည်။ ယခု ထပ်မံပြုပြင်သည်။ ကျောက်စာ သုံးချပ်ရှိသည်ဟု ဖော်ပြထားသည်။

 

သမိုင်းပုံရိပ်တစ်ရပ်ပမာ

ဤဘုရားဗုဒ္ဓပူဇနိယပွဲတော်မှာ နှစ်စဉ် တပေါင်းလပြည့်ကျော် သုံးရက်နေ့တွင် ကျင်းပခဲ့ကြသည်။ ပုဂံဒေသသာမက ရပ်ဝေး ရပ်နီးမှ ဘုရားဖူးများနှင့် ရှမ်းပြည်နယ်တို့မှ လည်း လာရောက်ခဲ့ကြကြောင်း သိရသည်။ ပုဂံဒေသတွင် မိုင်းမောဝ်မင်းသမီး စောမွန်လှ ၏ ကောင်းမှုတော်ဟု ဆိုကြသော ပေါ်တော်မူ ရှေးဘုရားကို သမိုင်းပုံရိပ်တစ်ရပ်ပမာ ဖူးမြင် ရခြင်းဖြစ်ပေသည်။ အလားတူပင် အေဒီ ၁၁ ရာစုက စောမွန်လှတည်ထားခဲ့သည့် ဘုရားနှင့် အဆောက်အအုံတစ်ခုကိုလည်း တူးဖော်တွေ့ရှိ ခဲ့ရဖူးကြောင်း သိရသည်။ ထိုနေရာမှာ ပုဂံမြို့ ဟောင်းရှိ အာနန္ဒာဘုရားမြောက်ဘက်၌ အေဒီ ၁၂ ရာစုက ဇေယျသိင်္ခ (ခေါ်) ထီးလို မင်းလို၏မိဖုရား စောမင်းလတ် တည်ထားခဲ့ သော ဂူကျောင်းဘုရားစေတီတော် အောက် ခြေ၌ တည်ရှိသည်ဟု သိရသည်။ အဆိုပါ စောမင်းလတ်ဂူဘုရား အမှတ်(၁၉၆၁) ကို ပြန်လည်ပြုပြင်ရန် သက်ဆိုင်ရာမှ တူးဖော်ခဲ့ ကြစဉ်က ဘုရားအောက်ခြေ၌ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ မောဝ်ရှမ်းအနွယ်ဝင် တစ်ပါးပင်ဖြစ်သော မိဖုရား စောမင်းလတ် (ရှမ်းအခေါ် စဝ်မင်းလတ်)၏ ကောင်းမှုတော်ကို ပုဂံပြတိုက်ရှိ ကျောက်စာအမှတ်(၄၆)၌ဖော်ပြထားသည်မှာ (၄၆) မိဖုရားစောမင်းလတ် ကျောက်စာ၊ ဤကျောက်စာကို တိုင်းချွတ် ဘုရား အရှေ့ဘက်ရှိ စောမင်းလတ်ဘုရားမှ တွေ့ရှိ၍ မြန်မာသက္ကရာဇ် ၅၉၃ ခုနှစ်တွင် မိဖုရား စောမင်းလတ်သည် ရွှေငွေဥစ္စာပစ္စည်း၊ ရတနာများကိုစွန့်၍ စေတီ၊ ဂူဘုရား၊ ကျောင်း တည်ထားကြောင်း၊ လယ်မြေများ လှူဒါန်း ကြောင်း မှတ်တမ်းဖြစ်သည်ဟု ဖော်ပြထားရှိ သည်။

 

ဆက်လက်၍ စောမင်းလတ်ဘုရား အမှတ်(၁၉၆၁)ရှိ ကမ္ပည်းကျောက်စာ၌ ထီးလို မင်းလိုမင်း၏မိဖုရားကြီး စောမင်းလတ် တည်ထားကိုးကွယ်ခဲ့သည့် ဂူဘုရားစေတီတော် ကို မိဖုရားကြီးစောမင်းလတ်၏ သစ္စာအဓိဋ္ဌာန်အတိုင်း ဆက်လက်တည်တံ့စေရန်အလို့ငှာ ဆောင်ရွက်သွားကြရန် သစ္စာပြုရေးထိုးထားရှိ ချက်များကိုလည်း တွေ့ရသည်။ အဆိုပါ စောမင်းလတ်ဂူဘုရားအား ပြန်လည်ပြုပြင်ရန် တူးဖော်ခဲ့ကြစဉ်က တွေ့ရှိခဲ့ရသည့် ရွှေစင် အပြည့် လေးဆယ်ကျပ်သားရှိသော ရွှေဗုဒ္ဓ ဆင်းတုတော်တစ်ဆူကိုလည်း ပုဂံပြတိုက် အပေါ်ထပ်ဆောင်၌ ပူဇော်ပြသထားသည်။ (အေဒီ-၁၂ရာစု) ပုဂံမြို့ဟောင်း စောမင်းလတ် ဘုရားမှ တွေ့ရှိသည်ဟု ဖော်ပြထားရှိသည်။

 

အထက်ပါအတိုင်း ပုဂံပြည်၌ ဗုဒ္ဓသာသနာတော်နှင့် တိုင်းရင်းသား ချစ်ကြည်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော မိုင်းမောဝ်မင်းသမီးစောမွန်လှသည် ပုဂံမှမိုင်းမောဝ်သို့ အပြန်ခရီးစဉ်၌ နှစ်ပေါင်းများစွာ ထင်ရှားတည်တံ့မည့် ထူးခြားသော စေတီတော်တစ်ဆူကိုလည်း ကိုယ်တိုင်တည်ထားတော်မူခဲ့၏။

 

ထိုစေတီတော်မှာ ဓာတ်တော်ကိန်းဝပ်သော နားဋောင်းတော်ကို ဌာပနာ၍ တည်ထားသည့် ယခုမန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ ရွှေစာရံကျေးရွာမှ သစ္စာဓိဋ္ဌာန် ရွှေစာရံစေတီတော်မြတ်ဖြစ်သည်။

 

ဤရွှေစာရံဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကိုမူ နှစ်စဉ်တပေါင်းလပြည့်နေ့မှ လပြည့်ကျော်ကိုးရက်အထိ စည်ကားစွာ ကျင်းပကြသည်။ ရှမ်းစျေးတန်းများ ပါဝင်ပြီး တောင်ပေါ်မြေပြန့်တိုင်းရင်းသားတို့ စုံလင်စွာလာရောက်ကြသော ဘုရားပွဲတော်ကြီးတစ်ခုလည်း ဖြစ်ပေသည်။

 

ယခုအခါ ပုဂံဒေသကို ကမ္ဘာ့ယူနက်စကိုစာရင်းဝင်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး ဖြစ်သည်။ ကမ္ဘာကပင် ယူနက်စကို ယဉ်ကျေးမှုစာရင်းဝင်အဖြစ် လက်ခံအတည်ပြုခဲ့ရသည့် မြန်မာတို့၏နှလုံးသား ပုဂံဒေသကို ရှေးသမိုင်းအစဉ်အလာ အတိုင်းဆက်ခံ၍ တိုင်းရင်းသားပေါင်းစုံ လက်တွဲကာကွယ်ထိန်းသိမ်းသွားကြရန် အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကမ္ဘာတည်သရွေ့ မြန်မာတည်ရမည်။ မြန်မာတည်သရွေ့ ပုဂံတည်ရပေမည်။ ။

 

ကိုးကား - ပုဂံမြို့၊ ပုဂံပြတိုက်မှကျောက်စာမှတ်တမ်းများစာရေး

ဆရာမ မခင်နု(ဒဿန)၏ပုဂံဘုရား၊ ပုဂံစကား၊

ပုဂံသား

သီပေါကိုလတ်