ပုဂံ-ညောင်ဦး၌ ဘုရားဖူး လာရောက်သူများလာသော်လည်း မြင်းလှည်းစီးသူနည်းပါးခြင်းကြောင့် မြင်းလှည်းမောင်းသူများ၏ မိသားစုစားဝတ်နေရေး အခက်ကြုံနေ

ညောင်ဦး ၁၂ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ပြည်တွင်း၊ ပြည်ပဘုရားဖူး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသအားလာရောက် လေ့လာသည့် ခရီးသွားများကိုသာ မှီခိုအားထားနေရပြီး မြင်းလှည်းအငှားလိုက်လုပ်ငန်း လုပ်ကိုင်နေသည့် မြင်းလှည်းလုပ်ငန်းလုပ်ကိုင်သူများ ပြည်တွင်းဘုရားဖူးများ ဝင်ရောက်လာသော်လည်း မြင်းလှည်းစီးသူနည်းပါးခြင်းကြောင့် မိသားစုစားဝတ်နေရေးပင် ခက်ခဲလျက်ရှိနေကြကြောင်း မြင်းလှည်းအငှားလိုက်လုပ်ငန်းလုပ်ကိုင်သည့် ဦးမျိုးဟံကပြာကြားသည်။

 

ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုံအတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါ  စတင်ဖြစ်ပွားချိန်မှစတင်ကာ ပြည်တွင်းပြည်ပခရီးသွားများ ခရီးသွားလာခွင့်ပိတ်ထားခဲရာကနေ သုံးလကြာမြင့်သည်အချိန်ထိ ပုဂံဒေသတဝင်းလုံးခြောက်သွေ့နေခဲ့ကြောင်း ဇူလိုင်လ ပထမပတ်မှစတင်ကာ ပြည်တွင်းဘုရားဖူးများ ဝင်ရောက်မှုရှိလာသော်လည်း မြင်းလှည်းငှား ရမ်းစီးသူမရှိသလောက် နည်းပါးခြင်းကြောင့် မြင်းလှည်းလုပ်ငန်းကို အဓိကမှီခိုအသက်မွေးဝမ်းကြောင်း ပြုနေကြသည့် မိသားစုများဝမ်းစာရေးခက်ခဲနေကြောင်း မြင်းလှည်းလုပ်ငန်း လုပ်ကိုင်သူများက ပြောပြသည်။

 

ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ခင်ကာလက ပြည်တွင်း၊ ပြည်ပခရီးသွားများဖြင့် အမြဲစည်ကားခဲ့ကာ မြင်းလှည်းလုပ်ငန်းများလည်း ဝင်ငွေကောင်းခဲ့ခြင်းကြောင့် မိသားစု စားဝတ်နေရေးအင်မတန် ပြေလည်ခဲ့ကြောင်း ယနေ့ကာလတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် မြင်းလှည်းလုပ်ငန်းများ သုံးလကျော်ကြာ ရပ်နားထားရာမှ ပြန်လည်လုပ်ကိုင်ချိန် ပြည်တွင်းဘုရားဖူးအချို့ဝင်ရောက်ခဲ့သော်လည်း ငှားစီးသူမရှိခြင်းကြောင့် ဈေးဦးမပေါက်သည့်နေ့များသာ ကြုံတွေ့နေရကြောင်း၊ ပုဂံ-ညောင်ဦး ဒေသတွင် မြင်းလှည်းလုပ်ငန်းလုပ်ကိုင်သူ မြင်းလှည်းစီရေ (၃၀၀)စီးခန့်ရှိပြီး၊ ပုဂံမြို့ဟောင်းရှိ မြင်းကပါကျေးရွာ၊ တောင်ဘီကျေးရွာ၊ အမှတ်(၇)ဝက်ကြီးအင်းရပ်၊ မင်္ဂလာသာစည်ရပ်ကွက် နှင့်ညောင်ဦးမြို့ပေါ်ရှိ ရပ်ကွက်များမှမြင်းလှည်း လုပ်ကိုင်နေကြကြောင်း သိရသည်။

 

မြင်းစာ ဈေးနှုန်းမှာလည်း ဈေးနှုန်းကြီးမြင့်ကာ ပြောင်းရိုးစင်းပြီးသား လေးပြည်ပါပုံးတစ်ပုံးလျှင် ၃၅၀ ကျပ်နှုန်းပေးဝယ်ရကာ တစ်ရက်လျှင် (၃၀၀၀) ဖိုး ကုန်ကျကြောင်း အမှတ်(၇)ဝက်ကြီးအင်းရပ်မှ မြင်းလှည်းလုပ်ငန်လုပ်ကိုင်သူ ဦးတင်စိုးကပြောကြားကာ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီအချိန်က မြင်းလှည်းတစ်စီးတစ်နေ့လုပ်အား (၅၀၀၀၀) ကျပ်မှ (၈၀၀၀၀)ကျပ်ထိနေ့စဉ် ဝင်ငွေကောင်းခဲ့ရာမှ ယခုအချိန်တွင် မြင်းလှည်းငှားစီးသူနည်းပြီး ဈေးဦးမပေါက်သည့်ရက်များ များနေကြောင်း သိရကာ မြင်းလှည်းလုပ်ငန်း လုပ်ကိုင်သည့်သူများ မိသားစုစားသောက် ရေးပင်ခက်ခဲနေကြောင်း မြင်းလှည်းလုပ်ကိုင်သူများထံက သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

mdn