ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဟိုတယ်၊ တည်းခိုရိပ်သာများ ပြန်လည်ဖွင့်လှစ်ခွင့်ပေး

ညောင်ဦး ၂၄ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကာလအတွင်း ဟိုတယ်၊ တည်းခိုရိပ်သာများ ယာယီပိတ်ထားရာမှ ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဟိုတယ်(၂၀)လုံး၊ တည်းခိုရိပ်သာ တစ်လုံးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်ထံမှ သိရသည်။

 

“ကျနော်တို့ ဌာနဆီကို ဟိုတယ်တွေ၊ တည်းခိုးရိပ်သာတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့ လုပ်ငန်းရှင်တွေက တရားဝင် စာနဲ့တင်ပြပါတယ်၊ အဲဒီအခါမှာ ကျနော်တို့ဌာနအနေဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့နဲ့ သွားရောက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပါတယ်၊ စံသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဟိုတယ်၊ တည်းခိုရိပ်သာတွေကို စာရင်းပြုစုပြီး သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီကို တင်ပြပါတယ်၊ တိုင်းအစိုးရအဖွဲ့က ဖွင့်လှစ်ခွင့်ပြုကြောင်း အကြောင်းပြန်ကြားမှ ဖွင့်လှစ်ခွင့်ပြုတာပါ၊ ယနေ့အထိ စံသတ်မှတ်ချက်နဲ့ ကိုက်ညီပြီး ပြန်လည်ဖွင့်လှစ်တဲ့ ဟိုတယ် (၂၀) လုံး၊ တည်းခိုရိပ်သာ တစ်လုံးရှိပါပြီ၊ ဆက်လက်၍လည်း ဖွင့်လှစ်ခွင့်ပြုဖို့ တင်ပြထားတဲ့ ဟိုတယ် လေးလုံး၊  တည်းခိုရိပ်သာ လေးလုံးရှိပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောသည်။ 

 

ပုဂံ-ညောင်ဦးဒေသသည် ယူနက်စကို၏ ကမ္ဘာ့အသိအမှတ်ပြု ရှေးဟောင်းယဉ်ကျေးမှု မြို့တော်ဖြစ်ပြီး နှစ်စဉ် ပြည်တွင်း/ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များဖြင့် စည်းကားနေသည့်မြို့ဖြစ်ကြောင်း၊  လုပ်ငန်းရှင်များမှလည်း ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ဟိုတယ်၊ တည်းခိုရိပ်သာများ ယာယီပိတ်ထားစဉ်အတွင်း ပြန်လည်ဖွင့်လှစ်ခွင့်ရရှိသည့်အခါ ပိုမိုဝန်ဆောင်မှုပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ကျော်မင်းဦး(ရေနံချောင်း)