ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းဘေး၌ ထန်းတောင်သူများ ပြုလုပ်ထားသော ထန်းမျှော်စင်များဖြင့် ပြည်တွင်းခရီးသွားများအား ဆွဲဆောင်

articles_advs

ညောင်ဦး ၁၈ ဇန်နဝါရီ  

 

ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်သည့် ပြည်တွင်းဘုရားဖူးခရီးသွားများအား ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမကြီးဘေး ထန်းတောများတွင် ဆောက်လုပ်ထားသည့် ထန်းမျှော်စင် (ထန်းလင့်စင်)များအား စိတ်ဝင်စားမှုမြင့်တက်လာနေကြောင်း ဝိုင်းထန်းလျက်မျိုးစုံ ရောင်းချရေး ဆိုင်ပိုင်ရှင် ဦးဗညားပြောပြ၍ သိရသည်။

 

ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ထန်းတဲဆိုင်များမှာ ယခင်ကတဲအသေးစားလေးများဖြင့် ဆောက်လုပ်ရောင်းချခဲ့ရာမှ တဖြည်ဖြည်းတဲအကြီးများဆောက်လာကာ ဗြက်အကျယ် ဆောက်လုပ်ပြီး ထန်းရွက်များမိုးကာ နားနားနေနေ နေထိုင်နိုင်သည့် ထန်းတဲအဆောက်အအုံကျယ်များ ဆောက်လုပ်လာခြင်း၊ ပြည်တွင်းဧည့်သည်များသာမက ပြည်ဧည့်သည်များပါ စိတ်ဝင်စားလာစေရန် ယာခင်းစပ်၊ ထန်းတောတန်းများရှိ ထန်းပင်များပေါ်တွင် ထန်းမျှောင်စင်(ထန်းလင့်စင်)များ ဆောက်လုပ်လာခဲ့ကြောင်း ဆက်လက်ပြောပြသည်။

 

ထိုထန်းတဲများတွင် ဈေးကွက်အရဝန်ဆောင်မှုအဖြစ် ထန်းပင်ထွက်ပစ္စည်းများ ရောင်းချပေးခြင်း၊ အညာဒေသ ထန်းတောင်သူတို့၏ လုပ်ငန်းဖြစ်သည့် ထန်းပင်တက် ထန်းလှီးပြသပေးခြင်း၊ နွားဖြင့် ဆီစုံလှည့်ဆီကြိတ်ပြသပေးခြင်း၊ ထန်းလျက်ချက်လုပ်ပုံအဆင့်ဆင့် ထန်းပင်မှထန်းရည်(ရေ)ချို  ချလာပြီး ထန်းဆွဲမြူအိုထဲမှ ဆိုင်းထမ်းပုံးထဲထည့်ချိန် ထန်းဆစ်ကြောဖြင့် အမှိုက်စစ်ပုံ၊ ထန်းလျက် ချက်ဖိုပေါ်ရှိ မိုးဗြဲဒယ်ထဲထည့်ပုံနှင့် ထန်းရေချို ထန်းလျက်ချက်နေချိန် မီးထိုးနေပုံမှအစ ထန်းလျက်ချက်ပြီး ထန်းလျက်လုံးပြီးသည်ထိ ပြသခြင်းများ၊ ထန်းလက်ကုလားထိုင်၊ ထန်းလက်စားပွဲ၊ နွားစွပ်ခြင်းများ ပြသပေးနိုင်ရန်အထိ ပြင်ဆင်ထားရှိကြကာ ပြည်တွင်းခရီးသွားများအား ဆွဲဆောင်နိုင်ရန် ပြုလုပ်လာကြကြောင်း ဦးဗညားကရှင်းပြသည်။ ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ထန်းတော၊ ထန်းတဲ၊ ထန်းလျက်ချက်ဖို၊ ထန်းရည်ချို၊ ထန်းရည်ခါး၊ ထန်းလျက်ဖြင့်အရက်ချက်လုပ် ပုံများအား လာရောက်ကြသည့် ပြည်ပနိုင်ငံသားများ စိတ်ဝင်စားကြကြောင်းသိရပြီး ပြည်တွင်းဘုရားဖူး ဧည့်သည်များသည် ထန်းလင့်စင်ခေါ်ထန်းမျှော်စင်ပေါ်တွင် အလှဓာတ်ပုံရိုက်ကြခြင်း၊ ထန်းတဲများ မှရောင်းချသည့် အစားအစာများ မှာယူစားကြခြင်းနှင့် ထန်းရည်ခါး၊ ထန်းရည်ချိုသောက်ခြင်းများဖြင့် ထန်းမျှော်စင်(လင့်စင်)များ ဆောက်လုပ်ကာ ပြည်တွင်းခရီးသွားများအား ဆွဲဆောင်ဆောက်လုပ်လာ ကြကြောင်း သိရသည်။ ထန်းလျက်ဖြင့်ရောကာ ချက်လုပ်ထားသည့် အုန်းထန်းလျက်၊ ဆီးထန်းလျက်၊ နှမ်းထန်းလျက်(နှမ်းယို)၊ မြေပဲထန်းလျက် (မြေပဲယို)၊ ဂျင်းထန်းလျက်တို့ပြုလုပ်ကြပြီး ပြည်ပနိုင်ငံသားများ ဂျင်းထန်းလျက်အကြိုက်ဆုံးနှင့် အခါကြီးရက်ကြီး ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များနှင့် ပုဂံသမိုင်းဝင် ဘုရားကြီးပွဲတော်များတွင် အုန်းထန်းလျက်အား ပြည်တွင်းခရီးသွားများ ဝယ်ယူမှုများ ပြားကာ တစ်ရက်လျှင် အုန်းသီးလုံးရေ(၇၀၀)ကျော်ကုန်သည်အထိ အုန်းထန်းလျက်ရောင်းချရကြောင်း ပိုင်ထန်းတဲပိုင်ရှင်မှ ပြောပြ၍သိရပြီး ယခုအခါ ထန်းတောင်သူများ ပြည်တွင်းဘုရားဖူးများအား ဆွဲဆောင်နိုင်မည့် ထန်းမျှော်စင်(ထန်းလင့်စင်)များ ဖန်တီးတည်ဆောက်ကာ ထန်းထွက်ပစ္စည်အမျိုးမျိုး ရောင်းချလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း