ပထမအကြိမ် Yangon Water Boom စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၂၇ ဧပြီ

 

၂၀၁၉ ခုနှစ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်နှင့် Yangon Water Boom တို့ ပူးပေါင်းကျင်းပသည့် Yangon Water Boom စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ယမုံနာလမ်း ရှုခင်းသာပန်းခြံရှိ Yangon Water Boom အတွင်း၌ ယနေ့နံနက်(၉)နာရီက ကျင်းပသည်။

 

ရှေးဦးစွာ  မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်း အမျိုးသမီး အားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်မာလာဝင်းကိုယ်စား Yangon Water Boom (GM) ဦးဇော်မိုးမှ ကျေးဇူးတင်နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်းတို့က စားပွဲတင်တင်းနစ် ကစား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

 

အဆိုပါပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး တစ်ဦးချင်း အလွတ်တန်းပြိုင်ပွဲ၊ အမျိုးသား အသက်(၁၂)နှစ်အောက်၊ အမျိုးသား အသက်(၁၅)နှစ်အောက်၊ အမျိုးသမီး အသက်(၁၅)နှစ်အောက်၊ အမျိုးသားအသက် (၁၈)နှစ်အောက်၊ (လက်ရွေးစင်တန်း၊ ဒုတိယတန်း၊ အပျော်တန်း)နှင့် (အမှတ်ကျောပေးစနစ်) ပြိုင်ပွဲများပါဝင်ရာ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း(၂၀ဝ)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုပေးပွဲအခမ်းအနားကို ဧပြီ ၂၈ ရက် ညနေ(၄)နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

(သတင်းစဉ်)