ပထမအကြိမ် မြန်မာ-နော်ဝေ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၃ ဒီဇင်ဘာ

ပထမအကြိမ် မြန်မာ-နော်ဝေ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  Ms Marianne Hagen တို့က ဦးဆောင် ကျင်းပခဲ့ကြသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ကဏ္ဍတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ကာ ဆက်လက်တိုးချဲ့နိုင်မည့် နည်းလမ်းများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အမြဲတမ်းအတွင်းဝန်က နိုင်ငံတော်အစိုးရမှ ဦးစားပေး ဆောင်ရွက်လျက်ရှိသည့်ကဏ္ဍများ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေတို့ကိုလည်း ရှင်းလင်းအသိပေးခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂ၊ အာဆီယံနှင့် အာရှ-ဥရောပ အစည်းအဝေး စသည့် ဒေသတွင်းနှင့် နိုင်ငံတကာ ဆွေးနွေးပွဲများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်