ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   ၇   ဧပြီ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် နေပြည်တော်လူမှုဝန်ထမ်းဉီးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူများ သိရှိလိုက်နာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

           

ထို့သို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယနေ့၊ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာနှင့် ရေပြာကျေးရွာတို့တွင် ရွေ့လျားစာကြည့်တိုက်ယာဉ်သို့ စာအုပ် စာစောင်များ လာရောက်ငှားရမ်းဖတ်ရှု လေ့လာသူများအား လက်သန့်ဆေးရည်ဖြင့် နည်းလမ်းတကျ လက်ဆေးစေခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်ရှောင်ရန် နည်းလမ်းများ သိရှိလိုက်နာစေရန် ရောဂါကူး စက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် ရုပ်ရှင်၊ ဂီတအနုပညာရှင်များ၏ နှိုးဆော်ချက်များ ပါဝင်သည့် နံရံကပ်စာစောင်ပြသခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)