ပန်းတနော်မြို့နယ် ဧရာဝတီမြစ်အတွင်း အလျား ၄ ပေ ၆ လက်မ အရွယ်အစားရှိ မိကျောင်းတစ်ကောင် ဖမ်းဆီးရမိ

ပန်းတနော် ၁၂ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ရေပေါ်ကြီးအုပ်စု၊ အထက်ကဇင်းတောကျေးရွာ ဧရာဝတီမြစ်အတွင်း ဇူလိုင် ၁၁ ရက် နေ့လည်ပိုင်းက အလျား ၄ ပေ ၆ လက်မ အရွယ်အစားရှိ မိကျောင်းတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ပန်းတနော်မြို့နယ် အထက်ကဇင်းတောကျေးရွာနေ ရေလုပ်သား ဦးဘဲလေးသည် ဧရာဝတီမြစ်အတွင်း၌ တုပ်မြှုံးထောင်ပြီးနောက် သွားရောက်ဖော်ဆောင်စဉ် တုပ်မြှုံးအတွင်း အလျား ၄ ပေ၊ ၆ လက်မ အရွယ်အစားရှိ မိကျောင်းပေါက် အသေတစ်ကောင်အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ မိကျောင်း ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ရေပေါ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးမှ သတင်းပေးပို့ တင်ပြလာမှုအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးက ပန်းတနော်မြို့နယ်အတွင်းရှိ မြစ်ချောင်းများနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား မိမိတို့ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအနေဖြင့် မိကျောင်းအန္တရာယ်သတိပြုနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်သွားရန် အကြောင်းကြားထားကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပြန်/ဆက်)