ပြည်တွင်းရွှေဈေး ဆက်လက်ကျဆင်းနိုင်

ရန်ကုန် ၃၁ မတ်

လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၁၄၀၀၀၀ ခန့်ရှိပြီး ဆက်လက်ကျဆင်းနိုင်ကြောင်း မတ် ၃၀ ရက်တွင် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအုန်းကြိုင်က ပြောသည်။

"အခုဟာ COVID-19 က ကမ္ဘာနဲ့တစ်ဝန်းဖြစ်သွားတော့  အရောင်းအဝယ်တွေလည်း အကုန်လုံး ရပ်သွားပါတယ်။ ဈေးကွက်အလားအလာအရတော့ ကျနိုင်ပါတယ်"ဟု ဦးအုန်းမြိုင် က ပြောသည်။ အရောင်းအဝယ်နည်း လက်ရှိ COVID-19 ကပ်ရောဂါကြောင့် ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ်နည်းပြီး။ ရွှေဆိုင် ၇၅ ရာခိုင်နှုန်းခန့်မှာလည်း ပိတ်ထားပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"အခု လက်ရှိအတိုင်းအတာမှာ ရောင်းလို့မလွယ်ဘူး။ ဝယ်ရင်ကျပ်တယ်ဆိုတာမျိုး ဖြစ်သွားပြီ။ တကယ်ရောင်းနေပြန်တော့လည်း ဘယ်သွားရောင်းလို့ ရောင်းရမှန်းမသိသလို ဝယ်ချင်နေတဲ့လူကလည်း ဘယ်လိုဝယ်ရမှန်း မသိဘူးဖြစ်နေတယ်။ နောက်တစ်ခုက လူတွေက လောလောဆယ် ကိုယ်က ပစ္စည်းတစ်ခုကို ဝယ်ချင်တဲ့အခါမှာ ငွေနဲ့ပဲဝယ်ရမှာလေ။ အဲဒီအတွက်ကြောင့်တချို့တော်တော် များများက ငွေကို ပြန်ကိုင်နေတာ များတဲ့အတွက်ကြောင့် ရွှေကလောလောဆယ် အရောင်းအဝယ် ကျပ်သွားတာပါ"ဟု ဦးအုန်းမြိုင် က ပြောသည်။

ပြီးခဲ့သည့် မတ် ၁၂ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၃၇ ဒေါ်လာရှိပြီး ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၂၁၀၀၀၀ ခန့်အထိရှိခဲ့ရာမှ သုံးပတ်အတွင်း မတ် ၃၀ ရက်တွင်မူ ကမ္ဘာ့ရွှေဈေး မှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၁၃ ဒေါ်လာရှိပြီး ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၁၄၀၀၀၀ ခန့်သာရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

သို့ဖြစ်၍ သုံးပတ်အတွင်း ကမ္ဘာ့ရွှေဈေးမှာ အမေရိကန်ဒေါ်လာ ၂၄ ဒေါ်လာသာ ကျဆင်းခဲ့သော်လည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၀၀၀၀ ခန့် ကျဆင်းခဲ့သည်။ ။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်အဖြစ် တစ်ဆင့်ပြီး တစ်ဆင့် မြင့်တက်ခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ ဖေဖော်ဝါရီ ၂၁ ရက်အတွင်း ငွေကျပ် ၁၀၀၀၀၀၀ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ငွေကျပ် ၁၁၀၀၀၀၀ ကျော်၊ သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ငွေကျပ် ၁၂၀၀၀၀၀ ကျော် အထိ စံချိန်သစ်များ အသီးသီးဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၅ ရက် တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၃၀၀၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သဖြင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့သည်။

ငြိမ်းငြိမ်း