ပြည်တွင်းပြည်ပ ဝယ်လက်ဆုံမှုကြောင့် ပြောင်းသီးနှံများ မန္တလေးဈေးကွက်အတွင်း ရုတ်တရက်ဈေးမြင့်တက်လာ

မန္တလေး ၂ ဇွန်

 

Covid-19 ရောဂါအခြေအနေကြောင့် အရောင်းအဝယ်များအေးစက်နေသည့် ပြောင်းသီးနှံများ ယခုရက်ပိုင်းအတွင်း ပြည်တွင်းပြည်ပ ဝယ်လက်ဆုံမှုကြောင့် ရုတ်တရက်ဈေးနှုန်းများ မြင့်တက်လာကာ ဈေးကွက်အတွင်း အရောင်းအဝယ်များပြန်လည်ကောင်းမွန်လျက်ရှိ ကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

အဆိုပါ ပြောင်းသီးနှံမှာ ကဆုန်လပြည့်ကျော်ကာလမှ စတင်ထွက်ရှိလာပြီး ပေါ်ဦးပေါ်ဖျားကာလ၌ အဖွင့်ဈေးမှာ သုံးတင်ဝင်တစ်အိတ်လျှင် ၂၄၅၀ဝ ကျပ်ပေါက်ဈေးဖြင့် အရောင်းအဝယ်များ အေးစက်နေခဲ့သော်လည်း ယနေ့ဇွန်လ ၂ ရက်နေ့တွင် ငွေကျပ် ၂၇၂၀ဝ ဈေးနှုန်းဖြင့် အပြိုင်အဆိုင်ဝယ်ယူလျက်ရှိကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့် ပွဲရုံ)က ပြောသည်။

 

"ပြောင်းသီးနှံက ဒီနှစ်မှာရာသီဥတုကောင်းတဲ့အတွက် အထွက်နှုန်းလည်းကောင်းတယ်။ လက်ရှိကာလမှာ တရုတ်နိုင်ငံက အဝယ်ရပ်နားထားပေမယ့် ထိုင်းနိုင်ငံကိုတင်သွင်းဖို့ မြဝတီနယ်ဖက်က စတင်ဝယ်ယူနေကြတဲ့အပြင် ပြည်တွင်းမှာရှိတဲ့ တိရစ္ဆာန်အစာထုတ်လုပ်တဲ့ စက်ရုံတွေကလည်း ပိတ်ထားတဲ့စက်တွေစပြီး လည်ပတ်နိုင်ကြလို့ အပြိုင်အဆိုင်ဝယ်ယူနေကြတဲ့အတွက် ဈေးကအခုလိုမြင့်တက်လာတာပါ။ ဆက်လက်ပြီးဈေးတက်မယ့် အလားအလာလည်း ရှိနိုင်တယ်။ မကြာမီရက်ပိုင်းအတွင်းမှာလည်း မုံရွာ၊ ရွှေဘိုနဲ့ တန့်ဆည်ဒေသတွေက ထွက်ရှိလာမယ့် ပြောင်းသီးနှံတွေ မန္တလေးဈေးကွက်ကို ဝင်လာဖို့ရှိတယ်" ဟု ၎င်းကပြောသည်။

 

ယခုဈေးကွက်အတွင်း ထွက်ရှိလာသည့် ပြောင်းသီးနှံများကို ပခုက္ကူ၊ ရေစကြို၊ မြင်းခြံ၊ မြောင်၊ မြင်းမူဒေသများနှင့် ဧရာဝတီချင်းတွင်းမြစ် ကမ်းများအနီးတွင် မြစ်ရေသွင်း၍ စိုက်ပျိုးထားခြင်းဖြစ်ပြီး ၎င်းသီးနှံမှာ မြန်မာ့ရေမြေတွင် ရာသီမရွေး တောင်ပေါ်ဒေသများ၌ပါ လွယ်ကူစွာ စိုက်ပျိုးနိုင်ပြီး နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်သည့် သီးနှံအဖြစ် နှစ်စဉ် ပြည်ပသို့ တန်ချိန်အမြောက်အများ တင်ပို့ရောင်းချနေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

လက်ရှိတွင် သင်္ကြန်အပြီးကာလမှစ၍ Covid-19 ရောဂါ ကာကွယ်ရေးအတွက် ယာယီပိတ်ထားခဲ့သည့် မန္တလေးကုန်စည်ဒိုင်အား မေလ ၂၈ ရက်နေ့တွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဈေးကွက်အတွင်း၌ ပဲမျိုးစုံသီးနှံပေါက်ဈေးများအနေဖြင့် ပဲစဉ်းငုံ ၃ တင်းဝင်တစ်အိတ်လျှင် ခုနစ်သောင်းနှုန်းဖြင့် လည်းကောင်း၊ မတ် ပဲ ၃ တင်းဝင်တစ်အိတ်လျှင် ၉၁၀ဝ၀ နှုန်းဖြင့် လည်းကောင်း၊ ပဲတီစိမ်း ၃ တင်း ဝင်တစ်အိတ်လျှင် ၁၀၆၀ဝ၀ နှုန်းဖြင့် လည်းကောင်း၊ ထောပတ်ပဲ ၃ တင်းဝင်တစ် အိတ်လျှင် ၅၄၀ဝ၀ နှုန်းဖြင့် လည်းကောင်း၊ စမုံနက်နှမ်း ၃ တင်းဝင်တစ်အိတ်လျှင် ၁၅၀ဝ၀ဝ နှုန်းဖြင့် လည်းကောင်း၊ ရိုးရိုးနှမ်းဖြူ ၃ တင်းဝင်တစ်အိတ်လျှင် ၁၁၇၀ဝ၀ နှုန်းဖြင့် လည်းကောင်း၊ ဂျပန်နှမ်းဖြူ ၃ တင်းဝင်တစ်အိတ်လျှင် ၁၃၅၀ဝ၀ နှုန်းဖြင့် လည်းကောင်း၊ မြေထောက်ပဲ ၃ တင်းဝင်တစ်အိတ်လျှင် ၉၃၀ဝ၀ နှုန်းဖြင့် လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

mdn