ပြည်တွင်းလိဂ်ပြိုင်ပွဲများအတွက် ရာသီဝက်အပြောင်းအရွှေ့ကာလ ပြောင်းလဲသတ်မှတ်

ဧပြီ ၇

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၂၀ ရာသီ ပြည်တွင်းလိဂ်ပြိုင်ပွဲများအတွက် ရာသီဝက်အပြောင်းအရွှေ့ကာလကို ပြောင်းလဲသတ်မှတ်ခဲ့ပြီး ဇွန်လသို့ ပြောင်းရွှေ့ခဲ့သည်။

 

ရာသီဝက်အပြောင်းအရွှေ့ကာလကို ယခင်က ဧပြီ ၆ ရက်မှ မေ ၇ ရက်အထိ သတ်မှတ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းပွဲအားလုံးရပ်နားထားရာ အပြောင်းအရွှေ့ကာလကိုလည်း ပြောင်းလဲပေးခဲ့ခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ပြောင်းလဲခဲ့သော်လည်း ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ထိန်းချုပ်နိုင်ပြီး ပွဲလမ်းသဘင်များ၊ အားကစားပြိုင်ပွဲများကျင်းပနိုင်မှသာ ရာသီဝက်အပြောင်းအရွှေ့ကာလကို ယင်းရက်အတိုင်း သတ်မှတ်မည်ဖြစ်ပြီး ရောဂါအခြေအနေအပေါ် မူတည်၍ အပြောင်းအလဲပြုလုပ်မည်ဖြစ်သည်။ ရာသီဝက်အပြောင်းအရွှေ့ကာလ ပြောင်းလဲကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံ အကြောင်းကြားထားပြီးဖြစ်သည်။

 

ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူခြင်း၊ နိုင်ငံခြားသားကစားသမား လဲလှယ်ခြင်း၊ အသစ်ခေါ်ယူခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပြီး ကလပ်အသင်းအများစုမှာ ကစားသမားအပြောင်းအလဲ ပြုလုပ်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်