ပြည်တွင်းကစားသမားတစ်ဦး ခေါ်ယူပြီးနောက် ရန်ကုန်အသင်း၏ ၂၀၂၁ ရာသီအတွက် ကစားသမားခေါ်ယူမှုပြီးဆုံး

ရန်ကုန်၊   ၂၂  ဇန်နဝါရီ

ရန်ကုန်ယူနိုက်တက်အသင်းသည် ဇန်နဝါရီ ၂၂ ရက်က ပြည်တွင်းကစားသမားတစ်ဦး ခေါ်ယူပြီးနောက် ၂၀၂၁ ရာသီအတွက် ကစားသမားသစ်ခေါ်ယူမှုပြီးဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်အသင်းသည် ဇန်နဝါရီပထမပတ်မှစတင်ကာ ကစားသမားသစ်များခေါ်ယူခဲ့ပြီး ရက်သတ္တ နှစ် ပတ်ဝန်းကျင် ကာလအတွင်း ပြည်တွင်းကစားသမားကိုးဦး၊ နိုင်ငံခြားသားကစားသမားနှစ်ဦး ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် နောက်ဆုံးကစားသမားခေါ်ယူမှုအဖြစ် အသင်းဖျက်သိမ်းသွားသည့် ဇွဲကပင် အသင်း နောက်ခံလူ သိန်းတန် ကို ဇန်နဝါရီ ၂၂ ရက်က နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ၎င်းအား ခေါ်ယူပြီးနောက် ၂၀၂၁ ရာသီတွင် အသုံးပြုမည့်လူစာရင်းအား ထုတ်ပြန်ခဲ့ပြီး ကစားသမား ၃၁ ဦး ရွေးချယ်ထားသည်။ ယင်း ၃၁ ဦးအနက် ၃၀ အား ၂၀၂၁ ရာသီ ပထမအကျော့အတွက် မှတ်ပုံတင်သွင်းသွားမည်ဖြစ်ပြီး ကစားသမားအချို့ကို ထွက်ခွာခွင့်ပြုခြင်းနှင့် အငှားချခြင်းများ ပြုလုပ်ခဲ့သည်။ ရန်ကုန်အသင်းသည် လာမည့်ရာသီအတွက် ပြည်တွင်းကစားသမား များအဖြစ် လွင်မိုးအောင်၊ စိုးမိုးကျော်၊ ဝင်းနိုင်ထွန်း၊ ဇော်ဝင်း၊ ပြည်မိုး၊ သီဟ၊ ဟိန်းထက်စည်သူ၊ ကျော်ဖြိုးဝေ၊ သိန်းတန်၊ နိုင်ငံခြားသားကစားသမားအဖြစ် အီမာဆင်နှင့် ပက်ထရစ်တို့ကို ခေါ်ယူခဲ့သည်။

၂၀၂၁ ရာသီအတွက် ရန်ကုန်အသင်း ထုတ်ပြန်ခဲ့သည့် ကစားသမား ၃၁ ဦးစာရင်းတွင် ဂိုးသမား-ကျော်ဇင်ထက်၊ ဆန်းဆက်နိုင်၊ သူရကျော်၊ အာကာလင်းမြတ်၊ နောက်တန်း-ကျော်ဖြိုးဝေ၊ သိန်းတန်၊ မင်းကျော်ခန့်၊ စိုးမိုးကျော်၊ သူရိန်စိုး၊ ဟိန်းထက်စည်သူ၊ ပြည့်ဖြိုးဇော်၊ စည်သူမိုးခန့်၊ ဇော်ဝင်း၊ ထိုက်ထိုက်အောင်၊ ဇာနည်ထက်၊ အလယ်တန်း-မောင်မောင်လွင်၊ ရန်ပိုင်စိုး၊ ကျော်ဇင်ဦး၊ ရန်နိုင်ဦး၊ သီဟ၊ ငြိမ်းချမ်းအောင်၊ မောင်မောင်ဝင်း၊ လွင်မိုးအောင်၊ ကြည်လင်း၊ ကောင်းထက်စိုး၊ ဇော်ဝင်းသိန်း၊ အီမာဆင်၊ ရှေ့တန်း- အီစိုး၊ ဝင်းနိုင်ထွန်း၊ ပက်ထရစ်နှင့် ပြည်မိုးတို့ ပါဝင်ကြသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်