ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက်စစ်ဆေး

၁၃ ဇူလိုင်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည် ကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားမှုများအား ယနေ့မွန်းလွဲပိုင်းက လာရောက် စစ်ဆေးခဲ့သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် MNL ပြိုင်ပွဲအပါအဝင် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ တင်ပြခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပြင်ဆင်ထားမှုများအား လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ရှေးဦးစွာ မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်း၏ YUSC ကွင်းသို့ သွားရောက်စစ်ဆေးခဲ့ပြီး ကျန်းမာရေးနှင့်အညီ ပြင်ဆင်ထားမှုများ၊ ဆောင်ရွက်ထားမှုများ၊ ပြိုင်ပွဲကျင်းပမည့်ကွင်း၊ အဝတ်လဲခန်း၊ Gym ခန်းမ၊ ထမင်းစားခန်း၊ ကစားသမားများ အိပ်ဆောင်တို့ကို သွားရောက်စစ်ဆေးခဲ့သည်။ ပြင်ဆင်ဆောင်ရွက်ထားမှုများအား ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးက ရှင်းလင်းတင်ပြပြီး မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် သုဝဏ္ဏဘောလုံးကွင်းသို့ သွားရောက်စစ်ဆေးရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်တို့က ရှင်းလင်းတင်ပြသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် သုဝဏ္ဏဘောလုံးကွင်းအတွင်း ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ ပြင်ဆင်ထားမှုများ၊ အဝတ်လဲခန်း၊ Gym ခန်းမနှင့်ဘောလုံးကွင်းအတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေးကြသည်။ ယင်းနောက် အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) သို့ သွားရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများက ကျောင်းပြန်ဖွင့်နိုင်ရေး ပြင်ဆင်ထားမှုများ၊ ကျန်းမာရေးနှင့်အညီ ပြင်ဆင်ထားမှုများအား ရှင်းလင်းပြသကြသည်။

 

''ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုအပိုင်းကိုတော့ အားရကျေနပ်မှုရှိတယ်လို့ သိရပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေက ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေအပြင် ရောဂါကူးစက်မှုမရှိဖို့ ဆောင်ရွက်သင့်တာတွေကို လမ်းညွှန်ပါတယ်။ ပိုပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်ဖို့အပြင် ရောဂါအန္တရယ်ကင်းရှင်းဖို့ အသင်းတိုင်းနဲ့ ဒိုင်လူကြီးတွေကို ကျန်းမာရေးစစ်ဆေးဖို့ ညွှန်ကြားပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေအတိုင်း အမြန်ဆုံးကျင်းပနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ပြိုင်ပွဲကျင်းပခွင့်ရ မရ ဒီရက်ပိုင်းအတွင်းသိရနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်