ပြည်ထောင်စုဝန်ကြီးဦးကျော်တင် မြန်မာနိုင်ငံဆိုင်ရာဘရာဇီး သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၂၀ ဇန်နဝါရီ

 

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာဘရာဇီးသံအမတ်ကြီးမစ္စတာကာရ်လို့စ် အန်တိုနီယို ဒါ ရိုချာပါရာညှော်စ်အားယနေ့ ၁၁၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ်အတွင်းပြည်ထောင်စုဝန်ကြီးမှ သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး မြန်မာ-ဘရာဇီး နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေးနှင့်၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသုတေသနကဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်တောင်ဘက်ခြမ်းနိုင်ငံချင်း ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation) မူဘောင်အောက်တွင်လည်းကောင်း၊ နိုင်ငံတကာမျက်နှာစာတွင်လည်းကောင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာ-ဘရာဇီးနှစ်နိုင်ငံအကြား စတုတ္ထအကြိမ်မြောက် နိုင်ငံရေးရာဆွေးနွေးပွဲ ပြန်လည် ကျင်းပနိုင်ရေး အလားအလာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးကိစ္စအပါအဝင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများအား ဖြေရှင်းရန် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှု များကို ရှင်းလင်းပြောကြားခဲ့သည်။

 

#Ministry of Foreign Affairs Myanmar