ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဉီးညီပု ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၁၇  ဖေဖော်ဝါရီ 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းလွန်လုပ်ကွက်  A-3 တွင် တည်ရှိသော သဘာဝဓာတ်ငွေ့ အစမ်းတွင်း မဟာ(၁) တူးဖော်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား တူးဖော်ရေး သင်္ဘော (Drill-Ship) Maersk Viking ပေါ်ရှိ ရှင်းလင်းဆောင်တွင် စီမံကိန်းမှ တာဝန်ရှိသူ များက မဟာ(၁) အစမ်းတွင်း ရှာဖွေတူးဖော်နေမှု၊ ရွှေစီမံကိန်းမှ ပြည်ပသို့ တင်ပို့ ရောင်းချ နေမှုနှင့် ပြည်တွင်းသို့ ဖြန့်ဖြူးပေးနေမှုများအား ရှင်းလင်းတင်ပြရာ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ပြီး ရှာဖွေရေးတွင်း မဟာ(၁) တူးဖော်၍ သဘာဝဓာတ်ငွေ့ စမ်းသပ်ထုတ်လုပ် နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-1/A-3 တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ထုတ်လုပ်မှုပေါ် ခွဲဝေခံစားရေးစာချုပ် (PSC) စာချုပ်ချုပ်ဆို၍ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကို ပူးပေါင်းဆောင်ရွက်နေသော POSCO international ကုမ္ပဏီ၊ ONGC ကုမ္ပဏီ၊ GAIL ကုမ္ပဏီနှင့် KOGAS ကုမ္ပဏီတို့သည် လုပ်ကွက် A-3 တွင် ရှာဖွေရေးတွင်း ကစ္စပနဒီ(၁)၊ မဟာ(၁)၊ ရန်အောင်မြင်(၁) အစမ်းတွင်း ၃ တွင်းကို အသုတ်လိုက် တစ်ပြိုင် တည်းစနစ်ဖြင့် တူးဖော်နေခြင်း ဖြစ်သည်။ မဟာ (၁) ရှာဖွေရေးတွင်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်တွင် Top Hole စတင်တူးဖော်ခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၉ ရက်တွင် ရည်မှန်းအနက် ၂၅၉၈ မီတာ (၈၅၂၄ ပေ) ထိ ရောက်ရှိ တူးဖော်နိုင်ခဲ့သည်။ 

မဟာ(၁) ရှာဖွေရေးတွင်းတွင် စမ်းသပ်တိုင်းတာရရှိသော အချက်အလက်များအရ  သဘာဝဓာတ်ငွေ့ ခိုအောင်းနေသော ရည်မှန်းသဲကြော G4 ကို အနက် ၁၁၄၇ မီတာတွင် တွေ့ရှိခဲ့ပြီး သဲကြောအထူ ၁၂ မီတာ ပေ (၄၀) ခန့်မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု စမ်းသပ်ခြင်း (Drill Stem Test) ကို ဆောင်ရွက်ခဲ့ရာ သဘာဝဓာတ်ငွေ့ တစ်နေ့လျှင်ပျမ်းမျှ  ကုဗပေ ၃၈ သန်းကျော် အထိ စမ်းသပ်ရရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ တူးဖော်ရေး သင်္ဘော(Drill-Ship) Maersk Viking သည် လုပ်ကွက်အမှတ် A-3 ရှိ ရှာဖွေရေးတွင်း ရန်အောင်မြင်(၁)ကို ယခုဖေဖော်ဝါရီလအတွင်း ဆက်လက်တူးဖော်သွားမည်ဖြစ်သည်။ 

မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-1/A-3 တွင် POSCO international ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံ ONGC ကုမ္ပဏီမှ ၁၇ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံ GAIL ကုမ္ပဏီမှ ၈ ဒသမ ၅ ရာခိုင်နှုန်း နှင့် ကိုရီးယားနိုင်ငံ KOGAS ကုမ္ပဏီမှ ၈ ဒသမ ၅ ရာခိုင်နှုန်း အချိုးကျစီပါဝင်ကာ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 

အဆိုပါ မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-3 အတွင်းတွင် POSCO international ကုမ္ပဏီမှ မြ(၁) ရှာဖွေရေးတွင်းကို ၂၀ဝ၅ ခုနှစ်တွင် စတင်တူးဖော်ခဲ့ပြီး သဘာဝဓာတ်ငွေ့ စီးပွားဖြစ်တွေ့ရှိခဲ့သည်။ ထို့နောက် ၂၀ဝ၉ ခုနှစ်တွင် လုပ်ကွက်အမှတ် A-1 ရှိ ရွှေသဘာဝ ဓာတ်ငွေ့နှင့် လုပ်ကွက်အမှတ် A-3 ရှိ မြသဘာဝဓာတ်ငွေ့တို့ကိုပေါင်းပြီး ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၀ဝ ခန့် ထုတ်လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ 

လုပ်ကွက်အမှတ် A-3 အတွင်း ရှာဖွေရေးတွင်း/အကဲဖြတ်တွင်းများ ဆက်လက် တူးဖော်၍ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ ပြည်ပပို့လွှတ်မှုနှင့် ပြည်တွင်းသုံးစွဲမှုတို့ကို ဆက်လက်ထိန်းသိမ်းနိုင်အောင် ဖွံ့ဖြိုးရေး (Development) လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တူးဖော်ရေးသင်္ဘော (Drill-Ship) Maersk Viking ပေါ်ရှိ ရှင်းလင်းဆောင်၌ စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားကာ  ဝန်ထမ်းများနှင့် နိုင်ငံခြားသား ပညာရှင်များ၊ POSCO international မှ တာဝန်ရှိသူများအား ဂုဏ်ပြုသစ်သီးခြင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)