ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ပေါင်းလောင်း မြေအောက်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၁ နိုဝင်ဘာ

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း မြေအောက်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက အထက်ပေါင်းလောင်း၊ ပေါင်းလောင်း မြေအောက်ဓာတ်အားပေးစက်ရုံနှင့် နန်ချို ရေအားလျှပ်စစ်စက်ရုံတို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုနှင့် ရေသိုလှောင်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လာမည့် နွေရာသီကာလတွင် ယခုနှစ်နွေရာသီကာလကဲ့သို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများအား ကြံ့ခိုင်မှုရှိစေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလတွင် ပြည်သူလူထုအနေဖြင့် Stay at home ကာလဖြစ်သည့်အလျောက် ကန့်သတ်ချက်များနှင့်အညီ အိမ်တွင်း၌ နေထိုင်နေရသည့်အတွက် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာထုတ်လုပ်ပေးနိုင်ခဲ့သောကြောင့် များစွာအထောက် အကူဖြစ်ခဲ့သဖြင့် ဆက်လက်၍ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း။

 

တစ်ဖက်တွင်လည်း အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာများမှာ တစ်ရက်လျှင် (၁၀)ရွာနှုန်းခန့်ဖြင့် ပြီးစီးလျက်ရှိနေသဖြင့် မိမိတို့၏ရည်မှန်းချက်ဖြစ်သော ၂၀၂၀-၂၀၂၁ ခုနှစ်တွင် Electrification Ratio ၅၅ ရာခိုင်နှုန်းသည် ယခုအခါ ကျော်လွန်ကာ ၅၆ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရောက်ရှိနေပြီဖြစ်သောကြောင့် အဆိုပါကျေးရွာများအား လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအတိုင်း ထုတ်လုပ်ရန်နှင့် ဓာတ်အားထုတ်လုပ်သည့် စက်ရုံများမှ National Control Centre (NCC) ၏ ကွပ်ကဲမှုအတိုင်း ထိန်းညှိမောင်းနှင်ကြရန် လိုအပ်ကြောင်း။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခင် ၂၀၁၆ ခုနှစ်တွင် အရင်းအမြစ်ပေါင်းစုံမှ နေ့စဉ် ၄၈၀၀၀ မဂ္ဂါဝပ်နာရီ ထုတ်ပေးရာတွင် ယခုအခါ နေ့စဉ် ၆၅၀၀၀ မဂ္ဂါဝပ်နာရီခန့် ဓာတ်အားစနစ်သို့ တိုးတက်ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ထုတ်လုပ်ပေးလျက်ရှိရာတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ (၂၈)ရုံမှ စက်တပ်ဆင်အင်အား ၃၂၂၅ မဂ္ဂါဝပ်ဖြင့် နေ့စဉ်ပျမ်းမျှ ၂၆၀၀ မဂ္ဂါဝပ်နာရီ (၃၆ ရာခိုင်နှုန်း)ခန့် ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ ၎င်းအပြင် ထပ်မံတိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း(၄)ခုကို  ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း (၅၁ မဂ္ဂါဝပ်)ကို ၂၀၂၁-၂၀၂၂ တွင်လည်းကောင်း၊ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း (၂၈၀ မဂ္ဂါဝပ်) ကို ၂၀၂၂-၂၀၂၃ တွင်လည်းကောင်း၊ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း (၁၅၂ မဂ္ဂါဝပ်) ကို ၂၀၂၄-၂၀၂၅ တွင်လည်းကောင်း၊ သူဌေး ရေအားလျှပ်စစ်စီမံကိန်း (၁၁၁ မဂ္ဂါဝပ်) ကို ၂၀၂၅-၂၀၂၆ တွင်လည်းကောင်း အသီးသီး အချိန်မီထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

မကြာမီကာလတွင် ရေအားလျှပ်စစ်စက်ရုံများတွင် Floating Solar Power Plant များ တည်ဆောက်၍ Hydro –Solar Hybrid စနစ်ဖြင့် ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်တိုးတက် သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို တိုးတက်ဖြန့်ဖြူးပေးနိုင်ရန်နှင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေအားလျှပ်စစ်စက်ရုံများ၊ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံများ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံး စက်ရုံများ၊ LNG သုံးစက်ရုံများ စသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို Generation Mix တွင် အရင်းအမြစ်မျိုးစုံ ပါဝင်ထုတ်လုပ်နိုင်ရေးတို့ကို ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်များ မောင်းနှင်၍ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေမှု၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် Floating Solar Power Plant တည်ဆောက်ရန် နေရာလျာထား ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။     

     

သတင်းစဉ်