ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်    ၁၄   ဖေဖော်ဝါရီ

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ မအူပင်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ရေနံမြေအထွေထွေ မန်နေဂျာနှင့်တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှု၊ ၂၀၂၀ ပြည့် နှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် မအူပင်ရေနံမြေရှိ ဖွံ့ဖြိုးရေး တွင်းအမှတ် (၂၁)တူးဖော်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရယ်ကင်းရှင်းရေး အလေးထား လိုက်နာဆောင်ရွက်ရန်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အပြည့်အဝ လိုက်နာဆောင်ရွက်ရန်၊ တာဝန်ရှိသူများအနေဖြင့် ရေနံမြေဝန်ထမ်းများ အတွက် လုပ်ငန်းခွင်အတွင်း သက်သာချောင်ချိစွာဖြင့် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရန် ကိစ္စများကို ဆွေးနွေးမှာကြားသည်။

 

ထို့ပြင် မိမိတို့နိုင်ငံ၏  သဘာဝဓာတ်ငွေ့ လိုအပ်ချက်မှာ မြင့်မားလျက်ရှိရာ အဆိုပါ လိုအပ်ချက်ကို မိမိတို့ဝန်ကြီးဌာနမှ ဖြည့်ဆည်းပေးရန် တာဝန်ရှိပါကြောင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ပိုမိုတိုးတက် ထုတ်လုပ်နိုင်သည်နှင့်အမျှ စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်လာမည့်အပြင် ခရီးသည်ပိုဆောင်ရေးကဏ္ဍအတွက် သာမက ကုန်စည်ပို့ဆောင်ရေး ကဏ္ဍတွင်ပါ  CNG သုံး မော်တော်ယာဉ်များ ပိုမိုအသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ သိုဖြစ်ပါ၍ သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဝန်ထမ်းများက တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နောင်တွင် ပိုမိုသုံးစွဲလာမည့် သဘာဝဓာတ်ငွေ့များအား သက်ဆိုင်ရာဌာနများအရောက် ဖြန့်ဖြူးပေးနိုင်ရေး ယခုကတည်းက ကြိုတင်တွက်ဆ၍ ပိုက်လိုင်းများ သွယ်တန်းခင်းကျင်းထားရန် လိုအပ်ပါကြောင်း၊ ပိုက်လိုင်းများ ကြံ့ခိုင်မှုသည် အထူးအရေးကြီးပါကြောင်း၊ ပုံမှန် စစ်ဆေးမှုများ အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံတွင်းတူးစက် ZJ 50 D SR.2 ဖြင့် တွင်းအမှတ် ၂၁ တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တွင်းတူးစက်ရှိ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ ဖြည်းဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပေနက်တွင်းအမှတ် (DT-5) သို့ ရောက်ရှိပြီး လေဆီနှင့် သဘာဝ ဓာတ်ငွေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 

အဆိုပါ ပေနက်တွင်းအမှတ်(DT-5)ကို ၂၀၁၄ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် စတင်တူးဖော်ခဲ့ပြီး လက်ရှိတွင် သဲကြောအမှတ်(A) ပေ ၆၉၅၀ နှင့် သဲကြောအမှတ် (B) ပေ ၇၄၀ဝ သဲကြော (၂)ကြောမှ တစ်နေ့လျှင် လေဆီ (၆၄)စည်နှင့် သဘာဝဓာတ်ငွေ့ (၇ဒသမ၂၄၄) ကုဗပေသန်းကို ထုတ်လုပ်ပေးလျက်ရှိသည်။

 

ညောင်တုန်း/မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသည် ယခုလက်ရှိ နေ့စဉ် လေဆီ ၂၇၀ စည် ခန့်နှင့် သဘာဝဓာတ်ငွေ့ ၃၃ သန်းခန့် ထုတ်လုပ်ပေးလျက်ရှိပြီး လေဆီနှင့် သဘာဝဓာတ်ငွေ့များအား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ သံပုရာကန် စက်ရုံ၊ အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ၊ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ၊ အမှတ်(၂)ရေနံ ဓာတ်ငွေ့ရည်စက်ရုံ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG အရောင်း ဆိုင်များနှင့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများသို့ သဘာဝဓာတ်ငွေ့များ ပုံမှန်ပို့လွှတ်ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်