ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ South East Asian Games Federation (SEAGF) Council အစည်းအဝေးတက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၈

SEA GAMES ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် South East Asian Games Federation (SEAGF) Council အစည်းအဝေးကို ယနေ့မွန်းလွဲ (၁၂) နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၁) အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ SEAGF Office အဖွဲ့ဝင်များ ဦးဆောင်၍ အရှေ့တောင်အာရှနိုင်ငံများမှ အိုလံပစ်ကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ဖွင့်ပွဲအခမ်းအနားတွင် South East Asian Games Federation (SEAGF) ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် အရှေ့တောင်အာရှနိုင်ငံ အသီးသီးမှ အိုလံပစ်ကော်မတီဥက္ကဋ္ဌများက မိတ်ဆက်စကားများ ပြောကြားကြသည်။

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌအနေဖြင့် မိတ်ဆက်စကား ပြောကြားပြီး မိမိတို့နိုင်ငံအနေဖြင့် (31st) SEA GAMES နှင့် (32nd) SEA GAMES ပြိုင်ပွဲများ အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း အရှေ့တောင် အာရှနိုင်ငံများ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် (31st) SEA GAMES ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဗီယက်နမ်နိုင်ငံက ပြိုင်ပွဲအား ၂၀၂၂ ခုနှစ်၊ မေ (၁၂) ရက်မှ (၂၃) ရက်အထိ အားကစားနည်း (၄၀)၊ ပြိုင်ပွဲ အမျိုးအစား (၅၂၆) မျိုးကို ဗီယက်နမ်နိုင်ငံ မြို့ကြီး(၁၂)မြို့၌ လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ပြီး (32nd) SEA GAMES ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် ကမ္ဘောဒီးယားနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌက ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ မေ (၅)ရက်မှ (၁၇)ရက်အထိ မြို့ကြီး (၅)မြို့၌ အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ထားရှိပါကြောင်းတင်ပြ ဆွေးနွေးကာ အစည်းအဝေး တက်ရောက်လာကြသည့် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံ အိုလံပစ်ကော်မတီများက (31st) SEA GAMES ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲ/ပိတ်ပွဲနှင့် တည်းခိုရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ကိစ္စရပ်များ၊ သယ်ယူ ပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ ဝင်ခွင့်ကတ်ပြုလုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြသည်။

ယခု အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ (32nd) SEA GAMES ပြိုင်ပွဲကို လက်ခံကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌအား South East Asian Games Federation (SEAGF) ပူးတွဲဥက္ကဋ္ဌခန့်အပ်မှုကို အတည်ပြုခဲ့ကြောင်း သိရသည်။

သတင်းစဉ်