ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရာတွင် မြန်မာနှင့် အာဆီယံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြား

နေပြည်တော်  ၃၀   စက်တင်ဘာ

 

 

(၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသော မြန်မာ ကိုယ်စားလှယ်အဖွဲ့ကိုယ်ခွဲခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ(၂၈)ရက်၊ မွန်းလွဲပိုင်းတွင် ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့်အစည်းအဝေးတွင် ရခိုင်ပြည်နယ် အရေးကိစ္စဖြေရှင်းရာ၌ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအားရှင်းလင်းပြောကြား ခဲ့သည်။

 

 

အဆိုပါ အစည်းအဝေးသို့ (၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသဘာပတိ၊ အတွင်းရေးမှူးချုပ်၏ Cabinet အကြီးအကဲနှင့် ကုလသမဂ္ဂအဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

 

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအရေးကိစ္စနှင့် ပြဿနာ၏ အခြေခံဇစ်မြစ်ကို ဖြေရှင်းရာတွင် အာဆီယံအနေဖြင့် ပိုမိုတက်ကြွသည့် အခန်းကဏ္ဍမှ ပူးပေါင်း ပါဝင်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterresက ဆွေးနွေးတိုက်တွန်းကြောင်း မိန့်ခွန်းပြောကြားခဲ့သဖြင့် ပြည်ထောင်စုဝန်ကြီးက တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

ယင်းသို့ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာတွင် ရခိုင်အရေးကိစ္စသည် စိန်ခေါ်မှုများစွာအနက် တစ်ခုဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ရေရှည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းလျက်ရှိကြောင်း၊ အစိုးရ၏ လက်ရှိဦးစားပေးလုပ်ငန်းမှာ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာ ပြန်လည်လက်ခံရေးနှင့် နေရပ်ပြန်လာသူများအတွက် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးရေးဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂနှင့် အာဆီယံ တို့အပြင် ဒေသဆိုင်ရာဖွံ့ဖြိုးရေးမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre အဖွဲ့တို့နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံမှ ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များကို လေ့လာသည့် ကနဦး ဆန်းစစ် လေ့လာရေးအဖွဲ့သည် ၎င်းတို့၏ ပဏာမလေ့လာအကဲဖြတ်ချက်အစီရင်ခံစာကို ၂၀၁၉ ခုနှစ်၊ မေလတွင် ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ အစီရင်ခံစာတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ် (၃)ခုကို အကြုံပြုတင်ပြထားကြောင်း၊ အဆိုပါအကြံပြုချက်များကို အကောင်အထည်ဖော်ရန် အတွက် နည်းပညာလုပ်ငန်းအဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြောကြားသည်။

 

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နေရပ်ပြန်လာသူများအတွက် မြန်မာအစိုးရ၏ ပြင်ဆင်ထားရှိမှုများကို ကော့ခ်ဘဇားရှိ နေရပ်စွန့်ခွာသူများကို သွားရောက်ရှင်းလင်းပြောကြား သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွင်လည်း အာဆီယံ၏ကိုယ်စားလှယ်များ ပူးပေါင်း ပါဝင်ခဲ့ကြောင်း၊ အာဆီယံ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် UNHCR နှင့် UNDP တို့၏ လက်ရှိဆောင်ရွက်ချက်များကို အစားထိုးရန်မဟုတ်ဘဲ ပိုမိုအားဖြည့်ရန်ဖြစ်ကြောင်း၊ နေရပ် စွန့်ခွာသူများကို ပြန်လည်လက်ခံရန် နှစ်နိုင်ငံသဘောတူထားသော ဩဂုတ်လ ၂၂ ရက်နေ့တွင် ASEAN-ERAT ကိုယ်စားလှယ်အဖွဲ့သည် မြန်မာအဆင့်မြင့်အရာရှိကြီးများနှင့်အတူ ရခိုင်ပြည်နယ်ရှိ ပြန်လည်လက်ခံရေးစခန်းသို့ သွားရောက်၍ နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံရန်စောင့်ဆိုင်းခဲ့ကြောင်း၊ သို့ရာတွင် သဘောတူညီသည့်နေ့ရက်တွင် ဘင်္ဂလားဒေ့ရှ်ဘက် မှ တစ်ဦးတစ်ယောက်မျှ ပြန်လည်ဝင်ရောက်လာခြင်းမရှိကြောင်း၊ သို့ရာတွင် ကော့ခ်ဘဇားရှိ နေရပ်စွန့်ခွာသူ (၂၃၀)ကျော်တို့သည် မိမိဆန္ဒအလျောက် မိမိအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ရာ ၎င်းတို့သည် လက်ရှိတွင် ဘေးကင်းလုံခြုံစွာ နေထိုင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးကနေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွင် ကော့ခ်ဘဇား စခန်းအတွင်း၌ အာဆာ၏ အကြမ်းဖက်လှုပ်ရှားမှုများအပါအဝင် အခက်အခဲများစွာရှိကြောင်း၊ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် စစ်မှန်သည့် နိုင်ငံရေးဆန္ဒ၊ ခိုင်မာသည့် ကြိုးပမ်းအားထုတ်မှုနှင့် နှစ်နိုင်ငံသဘောတူညီမှုများကို အပြည့်အဝလေးစား လိုက်နာမှုတို့ လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ သဘောတူညီ ချက်များ၊ UNHCR ၊ UNDP တို့နှင့် လက်မှတ်ရေးထိုးထားသည့် သုံးပွင့်ဆိုင် သဘောတူညီမှု များနှင့်အညီ စိစစ်အတည်ပြုပြီးဖြစ်သည့် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် အပြည့်အဝ ကတိပြုထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

 

 

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၊ ကုလသမဂ္ဂ၊ မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်း၍ နေရပ်စွန့်ခွာသူများ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာ နိုင်ရေးအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ရပ်ဖန်တီးရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် နှစ်နိုင်ငံအကြား ရွှေ့ပြောင်းသွားလာမှုကိစ္စရပ်များ ပါဝင်သည့်ကိစ္စတစ်ရပ်ဖြစ်သဖြင့် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း၊ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို အဓိကအဟန့်အတားဖြစ်စေသည့် အာဆာအကြမ်း ဖက်အဖွဲ့၏ ခြိမ်းခြောက်မှုကို နိုင်ငံတကာက လစ်လျူရှုလျက်ရှိကြောင်း၊ မကြာသေးမီက DW TV နိုင်ငံတကာရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည့် သတင်း၌ ကော့ခ်ဘဇားစခန်းတွင် အာဆာ၏ စိုးရိမ်ဖွယ်လှုပ်ရှားမှုများကို ဖော်ပြထားကြောင်း၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပြင် ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သည့် အာဆာ၏လှုပ်ရှားမှုများကို ခွင့်မပြုရန် လိုအပ်ကြောင်း၊ ကော့ခ်ဘဇားရှိ စခန်းများ၏ နေရပ် စွန့်ခွာသူများက မိမိတို့နေရပ်ပြန်ရန်ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောကြားနိုင်စေရန် ဘေးကင်းလုံခြုံသည့် အခြေအနေဖန်တီးပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

 

မကြာသေးမီက မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင်ဝန်ကြီးအဆင့်အစည်းအဝေး တွင် ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီး၊ တရုတ်သံမတ်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်တို့ပါဝင်သော အလွတ်သဘောလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် သဘောတူခဲ့ကြကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရခိုင်ပြည်နယ်တွင် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ရှိ စေလိုပါက အသိုက်အဝန်းအားလုံး၏ လုံခြုံရေးနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆီးပေး နိုင်ရန်အတွက် အစိုးရ၏စွမ်းဆောင်ရည် ပိုမိုတောင့်တင်းလာအောင် ကူညီပေးရန် လိုအပ်ကြောင်း၊ ချိနဲ့အားနည်းစေရန် မပြုလုပ်သင့် ကြောင်းနှင့် ပြဿနာဖြေရှင်းရာတွင် ရိုးသားစွာ အကူအညီပေးလိုသည့် မိတ်ဖက်များ၏ အကူအညီများကို မိမိတို့ကြိုဆိုပါကြောင်း တုံ့ပြန်ရှင်းလင်းပြောကြားခဲ့သည်။

 

 

(သတင်းစဉ်)