ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေတို့ကို Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၆ ဇွန် 

 

ရခိုင်ပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှ Video Conferencing ဖြင့် တိုက်ရိုက်ချိတ်ဆက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။ 

 

ရှေးဦးစွာ ရခိုင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးခင်မောင်မြင့်က ရခိုင်ပြည်နယ်အတွင်း ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတားအခြေအနေကိုလည်းကောင်း၊ အဓိကဦးစားပေးဆောင်ရွက်နေသည့် တောင်ကုတ်-မအီ-ကျောက်ဖြူလမ်း၊ အမ်း-ပဒဲကြော-မအီလမ်း၊ မင်းဘူး-အမ်း-စစ်တွေလမ်းနှင့် ကျောက်ပန္တူ- အင်းဒင်- စေတီပြင်- တောင်ကျော်လမ်း (မေယုတောင်ကျော်လမ်း) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ်အတွင်း လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို Video Clip ဖြင့်ပြသသည်။ 

 

ထို့နောက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၇) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူရက ရန်ကုန်-စစ်တွေ လမ်းပေါ်ရှိ အရှည်ပေ (၉၆၀)၊ ဒါးလက်ချောင်း တံတားသစ် တည်ဆောက်ပြီးစီးမှု၊ အရှည် ပေ(၃၆၀) တိမ်ညိုတံတားသစ် တည်ဆောက်ပြီးစီးမှု၊ မြေပုံ-မင်းပြား လမ်းပေါ်ရှိ အရှည် ပေ(၁၉၂၀) ကြပ်စင်တံတား တည်ဆောက်ပြီးစီးမှု၊ စစ်တွေမြို့ပေါ်ရှိ အရှည် (၁၆၄၂) ပေ ဆက်ရိုးကျတံတား တည်ဆောက်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း။ 

 

လေးမြို့မြစ်ကိုဖြတ်၍ တည်ဆောက်ခဲ့သော ယခင်ကြံ့ခိုင်မှုအားနည်းသည့် ရာမောင်ကြိုးတံတားနေရာတွင်  အရှည် (၁၂၈၄ ဒသမ ၃)ပေ၊ တံတားသစ်တည်ဆောက်နေမှု၊ အရှည်ပေ(၇၄၀) မြောင်းဘွေတံတား တည်ဆောက်နေမှု၊ အရှည် ပေ (၂၇၀) အုန်းတည်ချောင်းတံတား Steel Decking ပြုပြင်လဲလှယ်နေမှု၊ အရှည်(၄၂၀)ပေ ယိုးချောင်းတံတား Steel Decking ပြုပြင်လဲလှယ်နေမှု၊ မင်းချောင်းတံတား သံကူကွန်ကရစ်ကြမ်းခင်းပြုပြင်နေမှု အခြေအနေကို လည်းကောင်း။   

 

ဆက်လက်၍ မြေပုံ-ကံသာ-ကပိုင်လမ်းပေါ်ရှိ အရှည်ပေ(၉၀၀) ပြွန်ရှည်တံတား တည်ဆောက်နေမှု၊ ပေါက်တော-မင်းပြားလမ်းပေါ်ရှိ အရှည် ပေ(၂၆၀) ရွာချောင်းကြီးတံတား တည်ဆောက်နေမှု၊ မင်းဘူး-တပ်တောင်လမ်းပေါ်ရှိ တံတားများတည်ဆောက်နေမှု အခြေအနေကို လည်းကောင်း၊ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။ 

 

ယင်းနောက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၈)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးသိန်းနိုင်က ရခိုင်ပြည်နယ် ဇင်ချောင်း- ကင်းမြောက်- လေးတောင်လမ်းပေါ်ရှိ အရှည် (၁၂၅၆ ဒသမ ၇) ပေ ကင်းချောင်းတံတား တည်ဆောက်ပြီးစီးမှု၊ ဂွ-ကျောက်ချွန်လမ်းပေါ်ရှိ အရှည် ပေ(၁၄၀၀) ဂွချောင်းတံတား၊ သံတွဲ-ဂွလမ်းပေါ်ရှိ အရှည် ပေ(၃၀၀) ကျောက်ပါးစပ်တံတားတည်ဆောက်နေမှု၊ မြေပုံ-မင်းပြားလမ်းပေါ်ရှိ အရှည် ပေ(၁၅၀) ငတန်ပျင်းတံတား၊ မာန်အောင်ကျွန်းပတ်လမ်းပေါ်ရှိ အရှည် ပေ(၁၃၀) ပန်းခြံချောင်းတံတား၊ အရှည်(၁၉၅)ပေ ကျီချောင်းတံတား တည်ဆောက်နေမှု အခြေအနေကိုလည်းကောင်း။ 

 

ကျောက်ချောင်း-လေးတောင်လမ်းပေါ်ရှိ အရှည်(၁၆၀)ပေ ဆိပ်နားပြင်တံတားနှင့် အရှည် (၁၆၄.၀၅)ပေ ကျောက်တွေတံတား၊ ကျွဲကူး-တပ်တောင်လမ်းပေါ်ရှိ အရှည်(၅၆၀)ပေ ကျွဲကူးတံတား၊ အမ်း-မင်းတက် လမ်းပေါ်ရှိ အရှည် ပေ(၄၀၀) မင်းတက်ချောင်းတံတားနှင့် မရွတ်ချိန်ကျေးရွာချင်းဆက် လမ်းပေါ်ရှိ အရှည် (၃၀၀) ပေ ဒေါရထချောင်းတံတား တည်ဆောက်နေမှု အခြေအနေတို့ကို လည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။

 

ထို့နောက် တံတားဦးစီးဌာန၊ တံတားစီမံကိန်းအဖွဲ့(၄)မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်ဝင်းက ရခိုင်ပြည်နယ်အတွင်း တာဝန်ယူဆောင်ရွက်နေသည့် တံတားတည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေတို့ကို  Video Clip ဖြင့် ပြသသည်။ 

 

ထို့နောက် ရခိုင်ပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းမြင့်နိုင်က ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မောင်တောခရိုင်၊ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လမ်းအဆင့်အတန်းအလိုက် ဦးစားပေးဆောင်ရွက်ထားရှိမှု၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လမ်း/တံတားလုပ်ငန်းများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ပြည်နယ်(ငွေလုံးငွေရင်း)ဖြင့် ဆောင်ရွက်သည့်လမ်း/တံတား တိုးတက်မှုအခြေအနေတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ်အတွင်း ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လမ်း/တံတားလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။

 

ယင်းနောက် ရခိုင်ပြည်နယ်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ထွန်းနိုင်က ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော အိမ်ရာစီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ 

 

ထို့နောက် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၄)မှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးချစ်မောင်က ရခိုင်ပြည်နယ်အတွင်း အဆောက်အဦအထူးအဖွဲ့(၁၄)မှ တာဝန်ယူတည်ဆောက်နေသော အဆောက်အဦစီမံကိန်း၊ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးသည် အဓိကကျပါကြောင်း၊ လမ်း၊ တံတားများ တိုးတက်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ ယခင်က တစ်လမ်းမောင်း ဘေလီတံတားများကိုလည်း နှစ်လမ်းမောင်း ကွန်ကရစ်တံတားများအဖြစ် ပြောင်းလဲတည်ဆောက်ပေးခဲ့ပါကြောင်း၊ အလားတူ ကြံ့ခိုင်မှုအားနည်းသော ကြိုးတံတားများကိုလည်း နည်းပညာသစ်များကို အသုံးပြု၍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများတွင် စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရန် ဆောင်ရွက်ရန်လိုပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရန် တာဝန်ရှိသူများမှ အမြဲမပြတ် ကြီးကြပ်ဆောင်ရွက်ရန်လိုပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများလုပ်ကိုင်စဉ် အန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့လာနိုင်ခြင်းကိုလည်း အထူးသတိပြုရန်လိုပါကြောင်း၊ မိုးတွင်းကာလ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြင်ဆင်ဆောင်ရွက်ထားရန်လိုပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးသဲများကို ကလိုရိုဒ်မပါသော သဲကိုသာသုံးရန်လိုပါကြောင်း၊ သံချောင်းများကို Anti-corrosive Paint သုတ်ပြီးမှ သုံးရန်လိုပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အညီ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း မှာကြားသည်။ 

 

သတင်းစဉ်