ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး ငွေကြေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (DFC) နှင့် တွေ့ဆုံဆွေးနွေး

mdn

နေပြည်တော် ၂၇ အောက်တိုဘာ

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး ငွေကြေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Development Finance Corporation - DFC) Chief Executive Officer , Mr. Adam Boehler ဦးဆောင်သောအဖွဲ့နှင့် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ငွေကြေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (DFC) သည် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရန် ပံ့ပိုးကူညီပေးသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် Myanmar Sustainable Development Plan (MSDP) အား အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ Strategic Development Projects များ အကောင်အထည်ဖော်ရာတွင် ထိရောက်သော Project Implementation  များ ဖြစ်စေရန် Project Bank နှင့် Land Bank များ တည်ထောင်၍ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံကုန်သွယ်ရေးသည် ၂၀၁၁ ခုနှစ်မှစ၍ တိုးမြင့်လာလျက်ရှိနေပါကြောင်းနှင့် အမေရိကန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံရှိ စက်မှုဇုန်နှင့် အထူးစီးပွားရေး ဇုန်များတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများ၊ export financing နှင့် SME financing တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးဆက်အောင်က မြန်မာနိုင်ငံ၏ Special Economic Zones များတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အခြေအနေများ၊ MSDP အကောင်အထည်ဖော်မှု အခြေအနေများနှင့် မြန်မာအစိုးရအနေဖြင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး (Anti-Money Laundering) ကိစ္စနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်များအား ထုတ်ပြန်ခဲ့ပါကြောင်း၊ Asia Pacific Group (APG) သဘောထား မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်  US Treasury နှင့်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် MSMEs များမှာ များစွာထိခိုက်ပါကြောင်း၊ သို့ပါ၍ မြန်မာအစိုးရမှ COVID-19 Economic Relief Plan (CERP) အား ထုတ်ပြန်၍ ပြန်လည်ကုစားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME များ ပြန်လည်ထူထောင်ရေးတွင် Strategic financing များ လိုအပ်ပါကြောင်း၊ US Export- Import Bank အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးတွင် ပံ့ပိုးပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။   

 

ထို့နောက် US Treasury, US Export-Import Bank နှင့် DFC တို့မှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံနှင့် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြ မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် DFC Chief Executive Officer, Mr. Adam Boehler က မြန်မာနိုင်ငံအနေဖြင့် လတ်တလောကြုံတွေ့နေရသည့် အခက်အခဲမှ အမြန်ဆုံးကျော်ဖြတ်နိုင်ရန် မျှော်လင့်ပါကြောင်း၊ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအား ၂၀၁၀ ပြည့်နှစ်မှ စတင်ဆောင်ရွက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုအထိ ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် Chubb Life အာမခံလုပ်ငန်းကဲ့သို့ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် အခြားသော စီးပွားရေး လုပ်ငန်းများရှိပါကြောင်း၊ စွမ်းအင်ကဏ္ဍနှင့် Cyber Security ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံလိုသူများရှိပါကြောင်း၊ အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များလည်းရှိပါကြောင်း၊ အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 

သတင်းစဉ်