ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း အာရှဖွံ့ဖြိုးရေးဘဏ်၏ Country Director ဖြစ်သူ Mr. Newin Sinsiri နှင့်အဖွဲ့အား Virtual Meeting ဖြင့် ဆွေးနွေး

နေပြည်တော် ၂၁  စက်တင်ဘာ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် အာရှ ဖွံ့ဖြိုးရေးဘဏ်၏ Country Director ဖြစ်သူ Mr. Newin Sinsiri နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ဖြစ်ပွားနေမှု အခြေအနေ နှင့် CERP ၏ အကောင်အထည်ဖော်မှု တိုးတက်မှုအခြေအနေများ၊  CERP မှတစ်ဆင့် The Myanmar Recovery and Reform Plan ဖြင့် ချိတ်ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ကိုဗစ်-၁၉ကြောင့် စီးပွားရေးထိခိုက်မှုများအပေါ် ဆောင်ရွက်နေသည့် ကုစားရေးဆောင်ရွက် ချက်များ အတွက် နိုင်ငံတော်ဘတ်ဂျက်နှင့် နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများဖြင့် စိစစ်ဆောင်ရွက်သုံးစွဲနေသည့် အခြေအနေများ၊ ADB, IMF နှင့် JICA တို့ဖြင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင် ရွက်မည့် အစီအစဉ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ 

ယင်းသို့ဆွေးနွေးရာတွင် ADB၊ IMF နှင့် JICA တို့မှ တာဝန်ရှိသူများက CERP အား အကောင်အထည်ဖော်ရာတွင် ၎င်းတို့၏ ပံ့ပိုးကူညီမှုများ၊ CERP Monitoring Framework နှင့် Indicators များကို အခြေခံ၍ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား အဆိုပြုတင်ပြဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

မြန်မာနိုင်ငံက ဆောင်ရွက်နေသည့် CERP ပါ လုပ်ငန်းအစီအစဉ်များအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ADB’s COVID-19 Active Response and Expenditure Support (CARES) Program ဖြင့်လည်းကောင်း၊ IMF က Rapid Credit Facility (RCF) and Rapid Financing Instrument (RFI) အစီအစဉ်များဖြင့်လည်းကောင်း၊ JICA က JICA’s COVID-19 Crisis Response Emergency Support Loan အစီအစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသို့ အတိုးနှုန်းသက်သာသော ချေးငွေများနှင့် ထောက်ပံ့ငွေများ ပံ့ပိုးကူညီပေး လျက်ရှိပြီး အဆိုပါချေးငွေများမှာ CERP နှင့် ချိတ်ဆက်၍ ပေးအပ်ခြင်းဖြစ်သဖြင့် CERP လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်မှုကိုလည်း စောင့်ကြည့်အကဲဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်နှင့် ဒေါက်တာမင်းရဲပိုင်ဟိန်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ IMF ၏ Resident Representative Mr. Neil Saker နှင့် JICA ၏ Chief Representative Mr. Noriji Sakakura တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်