ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ရေဆင်း၊ သစ်တောသုတေသနဌာနနှင့် သစ်တောဦးစီးဌာနတို့မှ ရေသယံဇာတဓာတ်ခွဲခန်း (Water Lab) အား ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၁ မတ်

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရေဆင်း၊ သစ်တောသုတေသနဌာန၊ သစ်တောဦးစီးဌာနရှိ နော်ဝေ-မြန်မာ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေသယံဇာတဓာတ်ခွဲခန်း (Water Lab) အား ကြည့်ရှုစစ်ဆေးရာ ဓါတ်ခွဲခန်းတာဝန်ရှိသူများက မြန်မာနိုင်ငံ၏ အရေးကြီး မြစ်/ ချောင်း/ ရေကန်ကြီးများမှ နမူနာ ကောက်ယူထားသည့် ရေများ ဓာတ်ခွဲစမ်းသပ်နေမှုများနှင့် စမ်းသပ်တွေ့ရှိချက်များအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေ၊ မြေ၊ သားငှက်နှင့် သစ်တောသယံဇာတ ဌာနစုရှိ သစ်တောမြေဓါတ်ခွဲခန်း၊ ဇီဝနည်းပညာဓာတ်ခွဲခန်းတွင် တစ်သျှူးပွားများ မွေးမြူခြင်း နည်းပညာဖြင့် သစ်ခွမျိုးစိတ်များ မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း အဆင့်ဆင့်၊ မွေးမြူထုတ်လုပ်ထားသည့် သစ်ခွများအား စိုက်ပျိုးပြုစုလျက်ရှိသည့် သစ်ခွအိမ် (Orchid House)၊ တစ်သျှူးပွားများခြင်းနည်းပညာဖြင့် ယူကလစ်စပ်မျိုး ပျိုးပင်များထုတ်လုပ်နေမှုကိုလည်းကောင်း၊ နော်ဝေနိုင်ငံ ကူညီပံ့ပိုးမှုဖြင့် တည်ထောင်မည့် အမျိုးသားရေသယံဇာတ ဓာတ်ခွဲခန်းအတွက် အခြေခံဓာတ်ခွဲခန်းအဆောက်အဦ တည်ဆောက်ပြီးစီးနေမှုနှင့် ဓါတ်ခွဲခန်းပစ္စည်းများ စတင်တပ်ဆင်ရန် ဆောင်ရွက်နေမှုများ၊  သစ်စေ့ဓာတ်ခွဲခန်းနှင့် သစ်စေ့ဘဏ်တွင် မြန်မာနိုင်ငံတစ်ဝှမ်းမှ စီးပွားရေးအရ အရေးပါသည့် သစ်မျိုးစေ့များနှင့် ရှားပါသစ်မျိုးစေ့များစုဆောင်း ထိန်းသိမ်းထားရှိမှု အခြေအနေနှင့် သစ်စေ့ဖြန့်ဖြူးနိုင်မှု၊ သီးခြားပြုစုပျိုးထောင်ထားသည့် သစ်မျိုးများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ရာဇဌာနီလမ်းနှင့် ပန်းခင်းလမ်းထောင့်ရှိ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ပျဉ်းမနားရုံးခွဲ ဝန်ထမ်းနေအိမ် (၄)ခန်းတွဲ (၂)ထပ် အဆောက်အဦသစ် ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက အဆောက်အဦသစ် တည်ဆောက်နေမှု အခြေအနေများနှင့် ရုံးမြေနေရာ ပိုင်ဆိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် အဆောက်အဦတည်ဆောက်ရန် တင်ဒါအောင်မြင်သည့် STTS Co., Ltd. မှ တာဝန်ခံအင်ဂျင်နီယာက အဆောက်အဦ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ အခန်းများဖွဲ့စည်းထားရှိမှုနှင့် ရေ၊ မီး၊ မိလ္လာစနစ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းပြီး တာဝန်ရှိသူများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် (၆)ခန်းတွဲ (၄)ထပ် (၃)လုံး ထပ်မံတည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါနေရာရှိ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာန၏ ဓာတ်ခွဲခန်းနှင့် အလုပ်ရုံနေရာသို့ရောက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေနှင့် ညွှန်ကြားရေးမှူးချုပ်တို့က သတ္တုနမူနာများ ဓာတ်ခွဲစမ်းသပ်ပေးနိုင်မှုနှင့် ဓာတ်သတ္တုဖြစ်ထွန်းမှုပြ မြေပုံများထုတ်လုပ်ရေးဌာနစိတ်မှ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သတ္တုနမူနာများအား စနစ်တကျထိန်းသိမ်းထားရှိရေး၊ နွေရာသီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အဆောက်အဦလုံခြုံရေးတို့အတွက် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်