ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့သစ်လုပ်ငန်း၊ လေ့ကျင့်ရေးသင်တန်းကျောင်း၊ ဆင်ဆေးရုံနှင့် ဖိုးကျားဆင်စခန်း ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၁၇  ဖေဖော်ဝါရီ 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး /ခရိုင်/မြို့နယ် တာဝန်ခံများ နှင့်အတူ မြန်မာ့သစ်လုပ်ငန်း၊ လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ်(၁)၊ နန်ချွန်၊ အုတ်တွင်း မြို့နယ်ရှိ ဆင်ဆေးရုံနှင့် ရေတာရှည်မြို့နယ်ရှိ ဖိုးကျားဆင်စခန်းတို့အား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ နန်ချွန် (တောင်)ကျေးရွာရှိ မြန်မာ့သစ်လုပ်ငန်း၊ လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ် (၁) သို့ ရောက်ရှိပြီး သင်တန်းဆရာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက  သင်တန်းကျောင်းမြေနေရာ မြေအသုံးချမှုကို ပြန်လည်တိုင်းတာ၍ ခေတ်နှင့်အညီ ကိန်းဂဏန်းများအား ပြုစုထားရှိရန်၊ ဌာနမြေနေရာပိုင်ဆိုင်မှု ခိုင်မာအောင် အလေး ထားဆောင်ရွက်ရန်၊ သင်တန်းသားများ နေထိုင်စားသောက်ရေး ပြည့်စုံကောင်းမွန်အောင် စီမံဆောင် ရွက်ရန်၊ သင်တန်းကာလအတွင်း သင်တန်းသားများ၏ စွမ်းဆောင်ရည်နှင့် စည်းကမ်းပြည့်ဝမှု မပြတ်စောင့်ကြည့် မှတ်တမ်းထားရှိရန်၊ သင်တန်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကို အထူးအလေးထား ဆောင်ရွက်ရန်နှင့် သင်တန်းအလိုက် ဆေးကုသမှုမှတ်တမ်း ထားရှိဆောင်ရွက်ရန်၊ သင်တန်းသားများအား ကျန်းမာရေးအသိပညာရှိစေရေး ဆောင်ရွက်ရန်နှင့် သင်တန်းကာလအတွင်း လူ အများနှင့် ဆောင်ရွက်ရသည့်အတွက် ကူးစက်နိုင်သည့် ရောဂါများအား သတိနှင့်ဂရုပြုကြရန် မှာကြားသည်။

အဆိုပါ သင်တန်းကျောင်းကို ၁၉၈၅-၈၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခု  ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလအထိ သင်တန်းအကြိမ်ရေ (၃၂၉)ကြိမ် ဖွင့်လှစ်၍ သင်တန်းသား (၆၀၉၆)ဦး ကို လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ အုတ်တွင်း - ပေါက်ခေါင်းဖြတ်လမ်း၊ ဘုန်းတောင်ကြိုးဝိုင်း အကွက်အမှတ်(၄၀)ရှိ မြန်မာ့သစ်လုပ်ငန်း တောင်ငူသစ်ထုတ်ရေးဒေသက တည်ထောင်ဆောင်ရွက်လျက်ရှိသည့် ဆင်ဆေးရုံအား ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ဆင်ဆေးရုံကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ သုတေသနလုပ်ငန်းနှင့် တက္ကသိုလ် ကျောင်းသူ/သားများအား ဆင်နှင့်ပတ်သက်၍ ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် နေပြည်တော်ပြည်ထောင်စုနယ်မြေအနီးတွင် ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊ ယခုအချိန်တွင် အဆိုပါဆင်ဆေးရုံ၌ ဆင်(၃၁)ကောင်ကို ပြုစုစောင့်ရှောက်လျှက်ရှိသည်၊ ဆင်ဆေးရုံ ရေရှည်ဖွံ့ဖြိုး စေရန်အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းကိုလည်း Birmanie Atelier Travel and Tours နှင့် အကျိုးတူပူးပေါင်း၍ လာရောက်လည်ပတ်သည့် ဧည့်သည်များအား တောတွင်းလမ်း လျှောက်ခြင်း၊ ငှက်များလေ့လာခြင်း၊ ဆင်သမားကျေးရွာများသို့လည်ပတ်ခြင်း၊ ဆင်နှင့်ပတ်သက်၍ အသိပညာပေးခြင်း စသည့် လုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ပနိုင်ငံအသီးသီးမှ ရောက်ရှိနေသည် ဆင်ပညာရှင်များ၊ သင်တန်းသားများနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ၍ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ဆင်သုတေလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန်၊ ဆင်ဆေးကုသဆောင်များနှင့် ဆင်အိုရုံများ တိုးချဲ့ဆောင်ရွက်ရန်၊ ဆင်ဆေးကုသင်တန်းကျောင်းဖြစ်ပေါ်လာစေရေး ဆောင်ရွက်ရန်၊ ပြည်ပနိုင်ငံအသီးသီးမှ ပညာရှင်များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံမှ ဆင်ပညာရှင်များအား အသိပညာ နှင့် စွမ်းဆောင်ရည် မြှင့်တင်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားပြီး ဆင်သားဖွားဆောင်၊ သုတေသန ဓါတ်ခွဲခန်းတို့ကို ကြည့်ရှုစစ်ဆေး၍ အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်ရန်အတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့သစ်လုပ်ငန်းက ရေတာရှည်မြို့နယ်၊ စိုင်းရကြိုးဝိုင်း အကွက်အမှတ်(၈၃)တွင် တည်ထောင်ထားရှိသည့် ဖိုးကျားဆင်စခန်းအား ကြည့်ရှုစစ်ဆေး သည်။ အဆိုပါဆင်စခန်းကို ၂၀ဝ၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အပန်းဖြေလေ့လာရေးခရီး လာရောက်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆင်များ၏နေထိုင်မှုသဘာဝကို လေ့လာနိုင်ရန်၊ ဆင်သရုပ်ပြအကအလှများအား ကြည့်ရှုလေ့လာနိုင်ရန်၊ ဆင်သစ်ဆွဲခြင်း၊ ဆင်စီးခြင်း၊ ဆင်စာကျွေးခြင်း ဆောင်ရွက်နိုင်ရန် စသည်တို့ကို စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။ ပြည်ထောင်စုဝန်ကြီးသည် ဆင်စခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ တည်းခိုဆောင်များပြင်ဆင်ရန်၊ ကြိုးတံတားပြင်ဆင်ရန် နှင့် လေ့လာအပန်းဖြေသူများအား အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်စေရေး ဆင်စခန်းအဆင့်မြှင့်တင် ခြင်းလုပ်ငန်း ဆောင်ရွက်ရန်တို့အတွက် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)