ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကျောက်စိမ်းရိုင်းများ သိုလှောင်ထားရှိမှုစစ်ဆေး

နေပြည်တော် ၅ ဇန်နဝါရီ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ကျောက်စိမ်းသိုလှောင်ရုံအတွင်း ကျောက်စိမ်းရိုင်းများ သိုလှောင်ထားရှိမှုနှင့် ၂၀၁၉ ခုနှစ် မတ် ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် လေလံတင်ရောင်းချရန် ကျောက်စိမ်းတွဲများ ဖွဲ့စည်းထားရှိမှု အခြေအနေကိုလည်းကောင်း၊ ကျောက်စိမ်းသိုလှောင်ရုံဝင်း အတွင်းရှိ နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်း၍ ကျောက်စိမ်းတူးဖော် ထုတ်လုပ်လျက်ရှိသည့် ဦးရကျောက်မျက်ကုမ္ပဏီ ဆန်ကထန်း(၁) လုပ်ကွက်၏ ပြပွဲတင်ပြရောင်းချရန် ကျောက်စိမ်းရိုင်းများ အတွဲဖွဲ့လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊  ရတနာတောင်တန်း ကုမ္ပဏီ၏ မက်လင်ချောင်(၂) လုပ်ကွက်မှ ထွက်ရှိသည့် (၃၀၈)တန် ကျောက်စိမ်းတုံးကြီးမှ ဖြတ်တောက်ပြီး ထွက်ရှိလာသော ကျောက်စိမ်းရိုင်းတုံး (၂၈)တုံးကို ထိန်းသိမ်းထားရှိမှု အခြေအနေများကို လည်းကောင်း၊ သိုလှောင်ရုံအတွင်းရှိ ကျောက်စိမ်းများ လုံခြုံရေးအတွက် CCTV ကင်မရာအသစ်များ တပ်ဆင်ထားရှိမှု အခြေအနေကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)လမ်း၊ မိုင်တိုင်အမှတ် (၂/၃)အနီး ဖိုးဇောင်းတောင်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၇)အတွင်း ၂၀၁၈ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်တွင် စိုက်ပျိုးထားသော အပင်များကိုလည်းကောင်း၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ အရိုးဆေးရုံအနီးရှိ ၂၀၁၈ ခုနှစ်၊ မိုးရာသီတွင် ဝါးမျိုးစိတ် (၁၂)မျိုး ရောနှောစိုက်ပျိုးထားသော ဝါးစိုက်ခင်း (၁ ဒသမ ၁၈)ဧက တည်ထောင်ထားရှိမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လာမည့်မိုးရာသီတွင် သစ်မျိုးစိတ်များ ထပ်မံထည့်သွင်း စိုက်ပျိုးနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)

mdn