ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး လူငယ့်ရေးရာ ကော်မတီ အဖွဲ့ဝင်လူငယ်များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ကိုဗစ်-၁၉  ဆိုင်ရာကိစ္စများ ညှိနှိုင်းဆွေးနွေး

နေပြည်တော်  ၂၁  စက်တင်ဘာ

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၊ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူငယ့် ရေးရာကော်မတီအဖွဲ့ဝင် လူငယ်များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို  Video Conferencing ဖြင့် ညှိနှိုင်းဆွေးနွေးသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက  ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉  ကပ်ရောဂါပြန့်ပွားခြင်းအတွက် ကာကွယ်၊ ထိန်းချုပ်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင် ရွက်လျက်ရှိကြသော စေတနာ့ဝန်ထမ်းနှင့် ပရဟိတလူငယ်များနှင့် တွေ့ဆုံပြီး  လိုအပ်ချက် များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးတွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူငယ့်ရေးရာမူဝါဒကို ဖော်ဆောင်ပြီး နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီးပြည်နယ်များတွင် လူငယ့်ရေးရာကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းပြီး မဟာဗျူဟာ စီမံချက်များကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလပြည်သူများ အခက်အခဲများ ကြုံတွေ့ရစဉ်တွင် လူငယ်များအနေဖြင့် စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင် ဆောင်ရွက်နေကြခြင်းသည် မူဝါဒပါ ပြည်သူ့နီတိနှင့် နိုင်ငံသား ကောင်းဖြစ်မှုကဏ္ဍကို လက်တွေ့အကောင်အထည်ဖော်နေကြခြင်း ပင်ဖြစ်ကြောင်း၊ ကြုံတွေ့ရသောအခက်အခဲများ လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် လူငယ်ကော်မတီဝင်များက ၎င်းတို့ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကျန်းမာရေးအကာအကွယ်ပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ လိုအပ်မှုအခြေအနေများ၊ စီမံအုပ်ချုပ်မှုဆိုင်ရာလိုအပ်ချက်များ၊ Quarantine Center များရှိ ပြည်သူများ အတွက်သာမက စေတနာ့ဝန်ထမ်းများအတွက်ပါ စိတ်ခွန်အားမြှင့်တင်ပေးရန် လိုအပ်မှု အခြေအနေများ၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းလိုအပ်မှုများ၊  အစောပိုင်းကာလ ကိုဗစ်-၁၉  ဖြစ်ပွားမှုအခြေအနေများနှင့် ဒုတိယလှိုင်းကာလ ဖြစ်ပွားမှုအခြေအနေ ကွာခြားချက်များနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းစဉ်များတွင် ခရိုင်၊ မြို့နယ်နှင့် Quarantine Center များအလိုက် အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်း ဦးဆောင်အဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး က မိမိတို့ အနေဖြင့် လက်တွေ့ဆောင်ရွက်နေကြသူများ၏ မြေပြင်အခြေနေကို သိရှိရန်အလွန် အရေးကြီးသဖြင့်  ပါဝင်ဆွေးနွေးကြသူများကို အထူးကျေးဇူးတင်ပါကြောင်း၊ လူဦးရေထူထပ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉  ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးသည် အလွန်အရေးကြီး သဖြင့် လိုအပ်ချက်များကို မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက်တိုက်ရိုက် ဖြည့်ဆည်းပေးခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခြင်းများကို အမြန်ဆုံး ပြုလုပ်မည်ဖြစ်ကြောင်း နိဂုံးချုပ် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်