ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ဝင်ဟောင်း တောင်အာဖရိကနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဟောင်း Mr. Roelf Meyer ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ

နေပြည်တော် ၁၆  အောက်တိုဘာ

 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင်ဟောင်း တောင်အာဖရိကနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဟောင်း Mr. Roelf Meyer ဦးဆောင်သောအဖွဲ့နှင့် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် Mr. Roelf Meyer နှင့်အဖွဲ့က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအနက် တစ်ခုအပါအဝင်ဖြစ်သော ရခိုင်ပြည်နယ်အတွင်းရှိ မတူညီသော လူ့အသိုင်းအဝန်းများအကြား လူမှုသဟဇာတမျှတရေး (Social Cohesion )နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် Social Cohesion သည် အရေးပါသောကဏ္ဍမှ ပါဝင်နေပါကြောင်း၊ Social Cohesion လုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်သည့်အတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံမည့် အစီအစဉ် အကောင်အထည်ဖော်ရန် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လူမှုသဟဇာတ မျှတရေးသည် အသိုင်းအဝန်းများအကြား ယုံကြည်မှုတည်ဆောက်ရေးကို အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ လူမှုသဟဇာတမျှတရေးဆိုင်ရာလုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

 (သတင်းစဉ်)