ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မော်လမြိုင်မြို့ရှိ ကလေး၊ လူငယ်နှင့် အမျိုးသမီးများစောင့်ရှောက်ရေးဌာနများသို့ သွားရောက်ကြည့်ရှု

နေပြည်တော်  ၂၃   ဖေဖော်ဝါရီ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိရာ သင်တန်းကျောင်းအုပ်ကြီးက သင်တန်းကျောင်း၏ အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းကျောင်းတွင် ဆံပင်ညှပ်၊ ဝရိန်လုပ်ငန်း၊ ကွန်ပျူတာနှင့် စိုက်ပျိုးရေးဆိုင်ရာသင်တန်းများ လေ့ကျင့်ဆောင်ရွက်နေမှု၊ ကိုယ်ကာယ ကျန်းမာသန်စွမ်းရေးအတွက် မြန်မာ့သိုင်းပညာသင်ကြားလေ့ကျင့်နေမှု၊ ဘက်စုံသုံးအားကစားကွင်း တည်ဆောက်နေမှုနှင့် သင်တန်းသားအိပ်ဆောင်များကို လှည့်လည်စစ်ဆေး၍ သင်တန်းသားများနှင့် တွေ့ဆုံကာ ဆုံးမစကားပြောကြားသည်။

ယင်းနောက် သင်တန်းသားလူငယ်များက ဆောင်ရွက်ပေးစေလိုသောအချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး သင်တန်းသားများအတွက် လတ်တလောလိုအပ်ချက်များ ဖြည့်ဆည်းရန် ထောက်ပံ့ငွေ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်သစ်ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အစိုးရနှင့် ပြည်သူ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထူးစောင့်ရှောက်ရန် လိုအပ်သော ကလေးများ လေ့ကျင့်သင်ကြားရေးကျောင်းသို့သွားရောက်ပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သင်တန်းဆရာမများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံဆွေးနွေး၍ အထူးစောင့်ရှောက်ရန် လိုအပ်သောကလေးငယ်များအား လေ့ကျင့်သင်ကြားပေးနေမှုများကို လိုက်လံကြည့်ရှုသည်။ 

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ကလေးပြုစုရေးဌာနသို့ သွားရောက်ခဲ့ပြီး ကလေးများအတွက် ကစားစရာအရုပ်များပေးအပ်ကာ အာဟာရကျွေးမွေးသည်။

ထို့နောက် Safe House သို့သွားရောက်၍ စောင့်ရှောက်ထားသော အမျိုးသမီးငယ်များကို နှစ်သိမ့်အားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)