ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော် ၂၂ စက်တင်ဘာ 

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးနှင့် အခက်အခဲများ ဖြေရှင်းပေးနိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် Video Conferencing ဖြင့် ညှိနှိုင်းဆွေးနွေးသည်။

ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ရာတွင် အဓိကဖြစ်သည့် Quarantine လုပ်ငန်းစဉ်နှင့် Quarantine Center များတွင် ပါဝင်ကူညီဆောင်ရွက်ကြသည့် စေတနာ့ဝန်ထမ်းများကို အသိအမှတ်ပြုခြင်းနှင့် ပံ့ပိုးကူညီခြင်း၊ လက်ရှိကျင့်သုံးဆောင်ရွက်လျက်ရှိသော နည်းဗျူဟာကို စနစ်တကျ အကောင်အထည်ဖော်ရာတွင် ဒေသအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးခြင်းတို့ကို အချိန်မဆိုင်းဘဲ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါသည် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကူးစက်မှုများပြားလျက်ရှိပြီး တစ်နိုင်ငံလုံးတွင်လည်း ကူးစက်ပြန့်နှံ့လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်ဘက်ပေါင်းစုံက အဖြေရှာ၍ မဖြစ်ပွားမီကြိုတင်ကာကွယ်ခြင်း၊ ရောဂါကူးစက်ခံ ရပါက စနစ်တကျကုသမှုခံယူနိုင်ရန် သက်ဆိုင်ရာပညာရှင်များ၏ အကြံဉာဏ်များကိုပါ ရယူဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် Quarantine လုပ်ငန်းစဉ်များနှင့် စေတနာ့ဝန်ထမ်းလိုအပ်ချက်များကို ဖော်ထုတ်ပေးရန်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ကြောင်း။

 ယမန်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ စေတနာ့ဝန်ထမ်းများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ ပရဟိတအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ဒုတိယလှိုင်းသည် ကူးစက်မှုပိုမိုလျင်မြန် ပြင်းထန်သည့်အတွက် ကျန်းမာရေးအကာအကွယ်ပစ္စည်း PPE ဝတ်စုံလိုအပ်ချက်များ ပိုမိုများပြားလာပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွက် PPE ဝတ်စုံ အစုံသုံးသောင်းဝယ်ယူရန် စီစဉ်ဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊ အခြားအသုံးအဆောင် ပစ္စည်းများဖြစ်ကြသည့် ခွဲစိတ်ခန်းသုံးဝတ်စုံ၊  Mask ၊ လက်သန့်ဆေးရည်၊ ခြေအိတ်ရှည်၊ အမှိုက်အိတ် စသည့် လိုအပ်မှုများကိုလည်း သိရှိခဲ့ရပါကြောင်း၊  စေတနာ့ဝန်ထမ်းများအား စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ အားပေးမှုများကို ဆောင်ရွက်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့အတွက်သာမက ကျန်ပြည်နယ်၊ တိုင်းဒေသကြီးအားလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တာဝန်ရှိသူများနှင့် ဆောင်ရွက်ပေးနိုင်သည့် ကိစ္စများကို ဆွေးနွေးဖော်ထုတ်သွားမည် ဖြစ်ပါကြောင်း၊ လိုအပ်ချက်များ၊ အားနည်းချက်များကို ညှိနှိုင်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များက တက်ရောက်သည့် လူမှုရေးဝန်ကြီးများနှင့် တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာဒေသအလိုက် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းပြီး Quarantine လုပ်ငန်းစဉ်ဆောင်ရွက်မှု အခြေအနေများ၊ ကျန်းမာရေးအကာအကွယ်ပစ္စည်းနှင့် စက်သုံးဆီလိုအပ်မှုများ၊ စေတနာ့ဝန်ထမ်းများအပါအဝင် Quarantine ဝင်သူများအတွက် စားသောက်စရိတ်လိုအပ်ချက်များ၊ တာဝန်ရှိသူများအနေဖြင့် စေတနာ့ဝန်ထမ်းများအတွက်  ကျန်းမာရေးအကာအကွယ်ပစ္စည်းများကို တတ်နိုင်သလောက် ချိတ်ဆက်ထောက်ပံ့ပေးလျက်ရှိသော်လည်း လိုအပ်ချက်များပြားနေသည့် အခြေအနေများနှင့်  မြို့နယ်များအလိုက် လိုအပ်ချက်များကို စာရင်းပြုစု၍ တင်ပြတောင်းခံသွားမည့်ကိစ္စများကို ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လိုအပ်ချက်စာရင်းအချက်လက် စုစည်းပေးပို့ရာတွင် မြို့နယ်များအလိုက် ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်လျက်ရှိသော Community Based Facility Quarantine အရေအတွက်နှင့် စေတနာ့ဝန်ထမ်းဦးရေအလိုက် အသုံးပြုရန်လိုအပ်သော ကျန်းမာရေးအကာအကွယ်ပစ္စည်းများကို အနည်းဆုံးတစ်လစာနှင့် အရန်ထားရှိရန်လိုအပ်မည့် စာရင်းများပြုစုပေးရန်  ဆွေးနွေးခဲ့ကြပြီး ပြည်တွင်းကူးစက်မှု များပြားခြင်းကို လျော့ချနိုင်ရန်နှင့် ကူးစက်ခံရသူများကို စနစ်တကျကုသနိုင်ရေးအတွက် လက်တွေ့ဆောင်ရွက်ကြရာတွင် အချိတ်အဆက်မိမိနှင့် အချိန်မဆိုင်းဘဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်