ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဧရာ၀တီမြစ်ရေ တက်မှုကြောင့် ပြည်၊ ရွှေတောင်နှင့် ပန်းတောင်းမြို့နယ်တို့ရှိ  ရေဘေးသင့် ပြည်သူများအား စားနပ်ရိက္ခာများထောက်ပံ့

နေပြည်တော်  ဩဂုတ်

 

မိုးသည်းထန်စွာ ရွာသွန်းပြီး ဧရာ၀တီမြစ်ရေတက်မှုများကြောင့် ပြည်ခရိုင် ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်အချို့၏ အနိမ့်ပိုင်းတွင်ရှိသော ရပ်ကွက်၊ ကျေးရွာများတွင် ရေဘေးဒဏ်ခံစားရသော ပြည်သူများအား သွားရောက်အားပေးခြင်း၊ စားနပ်ရိက္ခာနှင့် ဆန်ရိက္ခာဖိုးငွေများ၊ ကိုဗစ်-၁၉ ဆိုင်ရာ ပညာပေးခြင်းနှင့် အကာအကွယ်ပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက သွားရောက်၍ အားပေး ထောက်ပံ့ကြသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ခရိုင် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ်တို့ရှိ ရပ်ကွက်များတွင် ရေဘေးဒဏ်ခံစားရသော ပြည်သူများ ကို အားပေးထောက်ပံ့ခြင်းများ ဆောင်ရွက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်မြို့ရှိ ကိုးနင်းဖောင်တော်ဦးဘုရားကြီးတွင် ရေဘေးသင့်သော နင်းရပ်ကွက်၊ ဇလုံကျေးရွာအုပ်စုရှိ ပြည်သူများအားတွေ့ဆုံ၍ လူဦးရေ (၂၃၇) ဦးအတွက် ဆန်ရိက္ခာဖိုး စုစုပေါင်း ငွေကျပ် (၄၉၇,၇၀၀)၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းဖြစ်သော Mask များ၊ လက်ဆေး ဆပ်ပြာများကို ဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်ရှိ သမိုင်းဝင် ရွှေပြောင်ပြောင် စေတီတော်သို့ သွားရောက်ပြီး ရေဘေးသင့်သော ကြာနီကန်ရပ်ကွက် ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ လူဦးရေ (၇၄) ဦးအတွက် ဆန်ရိက္ခာဖိုး စုစုပေါင်းငွေကျပ် (၁၅၅,၄၀၀) ထောက်ပံခြင်း၊ ရွှေမျက်မှန်ဘုရားသို့ သွားရောက်ပြီး ရေဘေးသင့်သော ယွန်းတန်းရပ်ကွက်နှင့် သရက်တောရပ်ကွက် ရေဘေးသင့် ပြည်သူများအား တွေ့ဆုံပြီး လူဦးရေ (၆၈) ဦးအတွက် ဆန်ရိက္ခာဖိုး စုစုပေါင်းငွေကျပ် (၁၄၂,၈၀၀)နှင့် ခေါက်ဆွဲခြောက်ထုပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းဖြစ်သော Mask များ၊ လက်ဆေးဆပ်ပြာများကို ဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပန်းတောင်းမြို့နယ်သို့ ဆက်လက်ထွက်ခွာပြီး ရေဘေးသင့်သော ထုံးဘိုကျေးရွာ ပြည်သူများအား တွေ့ဆုံပြီး လူဦးရေ (၁၈၄) ဦးအတွက် ဆန်ရိက္ခာဖိုး စုစုပေါင်း ငွေကျပ် (၃၈၆,၄၀၀)နှင့် ခေါက်ဆွဲခြောက်ထုပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းဖြစ်သော Mask များ၊ လက်ဆေး ဆပ်ပြာများကို ဘေးသင့် ပြည်သူများထံ ပေးအပ်ခဲ့ကြသည်။

 

ထို့အပြင် ရွှေတောင်မြို့နယ်၊ သာစည်ကျွန်းကျေးရွာရှိ ကမ်းပြိုဘေးဒဏ်ခံရသော အိမ်ထောင်စုများကို ဘေးလွတ်ရာသို့ ပြန်လည်နေရာချထားရေးအတွက် လိုအပ်သောပံ့ပိုးကူညီမှုများ ပေးအပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက် ခဲ့သည်။      

 

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်အတွင်း သဘာ၀ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန် ဆောင်ရွက်ရေးနှင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျပ်သိန်း (၂၀) တန်ဖိုးရှိ ဖိုက်ဘာစက်လှေ ()စီးနှင့် အသက်ကယ်အင်္ကျီ (၁၀)ထည်ကို ထောက်ပံ့ခဲ့သည်။

 

ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ဘေးဒဏ်များကို တစ်ကမ္ဘာလုံးက ရင်ဆိုင်နေရပါကြောင်း၊ မိုးခေါင်ရေရှားခြင်းနှင့်အတူ နေရာကွက်၍ မိုးကြီးခြင်း၊ ရေကြီးရေလျှံ ဖြစ်ခြင်းစသည့် သဘာဝဘေးဒဏ်များကို   ခံစားနေကြရကြောင်း၊ သဘာဝဘေးဒဏ်များအတွက် ကြိုတင်ပြင်ဆင် ကာကွယ်ရေးလုပ်ငန်းများကို အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အရေးပေါ် တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ထိရောက်စွာ အသုံးပြုနိုင်ရန် စနစ်တကျ စိစစ်ဆောင်ရွက် နေပါကြောင်း၊ ယခုကြုံတွေ့ရသည့် ရေဘေးသည် အခိုက်အတန့်သာ ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေခြင်းကြောင့် ပြည်သူများအခက်အခဲများ ရင်ဆိုင်နေရသည်ကို နားလည်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ဘေးဒုက္ခ အခက်အခဲများကို လတ်တလောပြေလည်စေရန် လာရောက် ပံ့ပိုးကူညီခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးအနေဖြင့် စိုးရိမ်ရသည့် အခြေအနေ၌ပင်ရှိသေးကြောင်း၊ မြန်မာနိုင်ငံတွင်လည်း တစ်ဦးချင်းက ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များကို တိတိကျကျ လိုက်နာရန်လိုပါကြောင်း၊ အပြင်ထွက်တိုင်း Mask တပ်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာ စနစ်တကျ ဆေးကြောခြင်းတို့ကို တစ်ဦးချင်းက တာဝန်ယူ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မပေါ့ဆကြစေလိုကြောင်း၊ ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

သတင်းစဉ်