ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Coronavirus Disease 2019 (COVID-19) ရောဂါ အသိပညာပေးလုပ်ငန်းနှင့် ထိန်းချုပ်တုံ့ပြန်ရေးလုပ်ငန်းများတွင် လူငယ်များ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်  ၁ ဧပြီ  

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Coronavirus Disease 2019 (COVID-19) အသိပညာပေးလုပ်ငန်းနှင့် ထိန်းချုပ်တုံ့ပြန်ရေးလုပ်ငန်းများတွင် လူငယ်များ ပူးပေါင်းဆောင်ရွက်ရေး နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ လူငယ်ရေးရာကော်မတီဝင်များနှင့် ကြိုတင်ညှိနှိုင်း ဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing  ဆောင်ရွက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ မြေပြင်တွင် စနစ်တကျ လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ ရောဂါထိန်းချုပ်တုံ့ပြန်ရေးကို ဆောင်ရွက်ရာတွင်  လူငယ်များသည် အင်အားတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လူငယ်များ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုထားပြီးဖြစ်ရာ နိုင်ငံ၏အရေးအရာ ကိစ္စများတွင် လူငယ်များအနေဖြင့် အဓိပ္ပါယ်ရှိစွာနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သဖြင့် ဤညှိနှိုင်းအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ယခု အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing  အစည်းအဝေးတွင် နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးမှ လူငယ်ရေးရာကော်မတီဝင်များ ပါဝင်ကြသဖြင့် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊  ကိုဗစ်-၁၉   ကူးစက်ရောဂါနှင့် ပတ်သက်၍ Coronavirus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအပြင် Coronavirus Disease 2019 (COVID -19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ထပ်မံဖွဲ့စည်းပေးထားရာ ပြည်သူလူထုအတွင်း စနစ်တကျ ပူးပေါင်းဆောင်ရွက် နိုင်ရန်ဖြစ်ကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြပ်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဤအဖွဲ့အစည်းအသီးသီးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူအသိပညာပေး လုပ်ငန်းများနှင့်  သတ်မှတ်နေရာ အဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း အစီအစဉ် (Community Based Facility Quarantine) များတွင်  အင်အားတစ်ရပ်အဖြစ် စနစ်တကျ ပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊ မိမိတို့၏ ဆုံးဖြတ်ချက်ဖြင့် စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ရေး မိမိတို့၏ ဒေသအလိုက် စုစည်းထားရှိရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်သဖြင့် မိမိတို့ဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လူငယ်များပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်များရေးဆွဲ ဆောင်ရွက်ခြင်း၊ လိုအပ်သော အထောက်အကူပြုပစ္စည်းများကို ပူးပေါင်းပံ့ပိုးခြင်းများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသော နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များက COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်၍ ၎င်းတို့ လက်ရှိဆောင်ရွက်နေမှုများ၊ လက်တွေ့ဆောင်ရွက်ရာတွင် လိုအပ်ချက်များ၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာနရှိ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဦးစီးမှူးများက ပါဝင်ဆွေးနွေးခဲ့ကြသည်။         ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ညှိနှိုင်းဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါကို မြန်မာနိုင်ငံအနေဖြင့် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရဲရင့်တက်ကြွသော၊ ခံနိုင်ရည်ရှိသော လူငယ်များ၏ အင်အားသည် ပိုမိုလိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် စေတနာ့ဝန်ထမ်း ဆောင်ရွက်ရာတွင် ရောဂါကူးစက်ပြန့်ပွားခြင်းမရှိအောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လေ့လာသိရှိပြီး တိကျစွာ သတိဖြင့် လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်