ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျေးရွာများရှိ ကျောင်းသား ကျောင်းသူ ကလေးသူငယ်များအတွက် အသက်ကယ်အင်္ကျီများနှင့် စက်တပ်လှေများ လှူဒါန်းပွဲတက်ရောက်

နေပြည်တော် ၁၆ ဖေဖော်ဝါရီ 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့သည်  ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးရွာများရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ACCOR Hotel Myanmar အဖွဲ့နှင့် ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအတွက် အသက်ကယ်အင်္ကျီများ၊ စက်တပ်လှေများ၊ ကျောင်းဝတ်စုံများနှင့် အဝတ်အစားများ လှူဒါန်းပေး အပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကသာမြို့၊ တောင်ပေါ်ကျောင်းတိုက်၊ ပရဟိတ (ဘဝမြှင့်တင်ရေး)၊ အမှတ်(၁) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်ကြပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညို၍  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၏ ပရဟိတအဖွဲ့အစည်းများကို ပုံမှန်ထောက်ပံ့မှု လုပ်ငန်းစဉ်၌ အကျုံးဝင်ရန် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ရှင်းလင်းလျောက်ထားကာ ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ကျောင်းအကျိုးတော်ဆောင်များထံ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောင်းဝကျေးရွာ၊ အခြေခံပညာအထက် တန်းကျောင်း (ခွဲ) သို့သွားရောက်ကြပြီး ကျေးရွာများမှ ကျောင်းသူ၊ ကျောင်းသားများအတွက် အသက်ကယ်အင်္ကျီများ၊ စက်တပ်လှေများ၊ ကျောင်းဝတ်စုံများနှင့် အဝတ်အစားများ လှူဒါန်းပေး အပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနား၏ ရည်ရွယ်ချက်သည်  ရေနှစ်မြုပ်မှုဘေးကြောင့် အသက်ဆုံးရှုံးရခြင်းများမှ ကာကွယ်နိုင်ရန်အတွက် အသက်ကယ်အင်္ကျီ များနှင့် စက်တပ်လှေများ လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ယနေ့ကျောင်းသားလူငယ်များသည် အနာဂါတ် အတွက်တန်ဖိုးရှိသော လူသားအရင်း အမြစ်များဖြစ်၍  ကျောင်းသား၊ လူငယ်များ လုံခြုံစိတ်ချစွာ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန် မိမိတို့တွင်တာဝန်ရှိပါကြောင်း၊ ထိုတာဝန်ကို အစိုးရနှင့် ပြည်သူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ယနေ့လှူဒါန်းပွဲတွင် ACCOR Hotel Myanmar  ဝန်ထမ်းများစုပေါင်း၍  ခြိုးခြံချွေတာ စုဆောင်းထားသော ငွေများဖြင့် လူမှုအကျိုးပြု လုပ်ငန်းအဖြစ် ဤဒေသရှိ လိုအပ်ချက်ကို ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဖြေရှင်းပေးခြင်းဖြစ်ပါကြောင်း။

ဤဒေသရှိ ကျောင်းသူ၊ ကျောင်သား များသည် မိုးတွင်းကာလတွင် ရေလမ်းခရီးဖြင့် ကျောင်းများသို့ သွားရောက်ရာ၌ အသုံးပြုသော စက်လှေများမလုံလောက်ခြင်း၊ ရာသီဥတုဆိုးရွားမှု၊ စက်ပစ္စည်းချို့ယွင်းမှုနှင့် လူများ၏ပေါ့ဆမှုများကြောင့်လည်း စက်လှေတိမ်း မှောက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် အရည်အသွေး ကောင်းမွန်သော စက်လှေများကို စနစ်တကျ အသုံးပြုနိုင်ရန် လိုအပ်လာပါကြောင်း၊ မတော်တဆ စက်လှေတိမ်း မှောက်မှုဖြစ်ပွားပါကလည်း အသက်အန္တရာယ် ကာကွယ်နိုင်ရန် အသက်ကယ်အင်္ကျီများ မဖြစ်မနေ လိုအပ်ပါကြောင်း၊ ယနေ့လှူဒါန်းမှုအစီအစဉ်၏ အနှစ်သာရသည်  “Jackets for lives” အသက်များ၊ ဘဝများအတွက် အသက်ကယ်အင်္ကျီများ လိုအပ်မှုကို ဖေါ်ညွှန်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်တွင် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာ၌ အစိုးရ၏ ဆောင်ရွက်ချက်များကို ပြည်သူများ က ပံ့ပိုးကူညီ ပူးပေါင်းပါဝင် ရန်လိုအပ်သကဲ့သို့ ထိုသို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်းသည် ဒီမိုကရေစီအဆင့်အတန်းကို မြှင့်တင်ခြင်းဖြစ်ကြောင်း၊ ယနေ့လှူဒါန်းမှုသည် ပြည်သူမှ ပြည်သူသို့ လှူဒါန်းပံ့ပိုး ကူညီခြင်းဖြစ်ကြောင်းနှင့် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်နှင့် ဖွံ့ဖြိုး တိုးတက်ခွင့်  အခွင့်အရေးများကိုလည်း ဖော်ဆောင်ပေးရာရောက်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ACCOR Hotels Myanmar အဖွဲ့၏ကိုယ်စား M Gallery Hotel မှ အထွေထွေ မန်နေဂျာက  မိမိတို့အဖွဲ့အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ACCOR Hotels အဖွဲ့က ချမှတ်ပေးထားသော ပြည်သူ့အကျိုးပြုလူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်တာဝန် (Corporate Social Responsibility - CSR) အရ  ဝန်ထမ်းများ၏စုပေါင်း ခြိုးခြံချွေတာမှုများဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ လျှပ်စစ်မီး မရရှိသေးသောဒေသများ၌ Light for Lives အစီအစဉ်ဖြင့် ဆိုလာမီးလုံး ၄၅၀ လှူဒါန်းခဲ့ပါကြောင်း၊ ယခုနှစ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ Jackets for Lives အစီအစဉ်ဖြင့် အသက်ကယ်အင်္ကျီများနှင့် စက်တပ်လှေများကို လှူဒါန်းခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ACCOR Hotels Myanmar အဖွဲ့က ချောင်းဝကျေးရွာ အုပ်စု၊ သမန်းဒေါင့်ကျေးရွာအတွက် စက်တပ်လှေ (၂)စီးနှင့် အသက်ကယ်အင်္ကျီများ၊ သံပုရာကျေးရွာ အုပ်စု၊ သံပုရာကျွန်း အတွက် စက်တပ်လှေ (၂)စီးနှင့် အသက်ကယ်အင်္ကျီများ၊ သံပုရာကျေးရွာအုပ်စု၊ ကျောက်ပုံကျေးရွာ အတွက် စက်တပ်လှေ(၁)စီးနှင့် အသက်ကယ်အင်္ကျီများ၊ အင်းကြီး ကျေးရွာ အုပ်စု၊ မယ်ငိုကျေးရွာ အတွက် စက်တပ်လှေ(၁)စီးနှင့် အသက်ကယ်အင်္ကျီများကို အသီးသီး ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ACCOR Hotel Myanmar အဖွဲ့ထံသို့ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနက ကျောင်းသူ၊ ကျောင်းသားများအတွက် ကျောင်းဝတ်စုံများနှင့် အဝတ်အစားများကို  ပံ့ပိုးထောက်ပံ့ပေးခဲ့ကြရာ တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလှူရှင်များ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လှူဒါန်းထားသော စက်တပ်လှေများကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးတို့က မိမိတို့ဒေသရှိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအတွက် ယခုလိုလှူဒါန်း ပံ့ပိုးမှုများအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)