ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် အခြေခံဂျပန်အစားအစာ ချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲတက်ရောက်

နေပြည်တော် ဇန်နဝါရီ ၂၂

အာဆီယံ-ဂျပန်စင်တာ၏ ထောက်ပံ့မှုဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် TRC Hotel and Vocational Training Institute တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော အခြေခံဂျပန်အစား အစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် Online စနစ်ဖြင့် ကျင်းပသည်။

သင်တန်းဖွင့်ပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က ယခုဖွင့်လှစ်မည့်အခြေခံ ဂျပန် အစားအစာ ချက်ပြုတ်နည်းသင်တန်းသို့ တက်ရောက်မည့် သင်တန်းသားများ အနေဖြင့် စိတ်ဝင်တစား အထူးလေ့လာသင်ယူကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တတ်ကျွမ်းသော ပညာရပ်များကို ထိရောက်စွာ အသုံးချပြီး ဂျပန်ခရီးသွားဧည့်သည်များကို ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းဖြင့် ဂျပန်ခရီးသွား ဈေးကွက်ကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ပါကြောင်း ဂျပန်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ဧည့်သည်အများစုတွင် အပါအဝင်ဖြစ်သောကြောင့် ယခုသင်တန်းသည်    ဂျပန်ခရီးသွား ဧည့်သည်များအတွက်သာမက မြန်မာနိုင်ငံမှ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ဂျပန်အစားအစာချက်ပြုတ် ပြင်ဆင်ရောင်းချလိုသူများအတွက် အကျိုးရှိစေမည့် သင်တန်းတစ်ခု ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အာဆီယံ-ဂျပန်စင်တာမှ အထွေထွေအတွင်းရေးမှူးချုပ် Mr.Kunihiko Hirabayashi က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး TRC Hotel and Vocational Training Institute မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ကျော်ဆင့်က သင်တန်းဖွင့်လှစ်ပို့ချမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) တက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်းကို ရက်သတ္တပတ် (၁) ပတ်လျှင် (၃) ရက်ဖြင့် ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံ-ဂျပန်စင်တာမှ အထွေထွေအတွင်းရေးမှူးချုပ် တို့သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေးတိုးမြှင့်နိုင်ရန်ဆွေးနွေးခဲ့ကြပြီး၊ အစားအစာထုတ်လုပ်မှု၊ ချက်ပြုတ်ပြင်ဆင်မှု အခြေခံသင်တန်းများသာမက ဝန်ဆောင်မှုနှင့် အဆင့်မြင့် သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် အထောက်အပံ့ပေးနိုင်ရေး၊ မြန်မာနိုင်ငံတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် Digital Marketing လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ နည်းပညာအထောက်အပံ့များ ရယူဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)