ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မူဆယ်မြို့နှင့် လောက်ကိုင်မြို့တို့၌ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

နေပြည်တော်   ၂၁   ဇန်နဝါရီ  

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ဇန်နဝါရီ  ၂၀ ရက် နေ့ နံနက် ၈ နာရီတွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်အတွင်းရှိ အများနှင့် သက်ဆိုင်သောကုမ္ပဏီ၏ သစ်သီးအရောင်းကွင်းသို့ ရောက်ရှိပြီး ပြည်ပသို့ သစ်သီးဝလံများ တင်ပို့ရောင်းချရန် ပြင်ဆင်နေမှု၊ သစ်သီးစစ်ဆေးရောင်းဝယ်နေမှု တို့အား ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် သီးနှံကုန်သည်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပြည်ပသို့ တင်ပို့ရောင်းချရန် သီးနှံများအားအရည်အသွေး စံချိန်စံညွှန်းများပြည့်မီရေး၊ ပိုးမွှား အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

    

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၀ နာရီတွင် မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်း ကုန်သည်လုပ်ငန်းရှင်များအသင်း ရုံးခန်းမတွင် မူဆယ်-နမ့်ခမ်း နယ်စပ်ကုန် သွယ်ရေးကုန်သည်များအသင်း၏ (၂၄) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးသို့ တက်ရောက်၍ ပြည်တွင်းဒေသထွက်ကုန်များအား စီးပွားရေးဇုန်များ တွင် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးမြှင့်ထုတ်လုပ်တင်ပို့ကြရန် တိုက်တွန်းပြောကြား သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇန်နဝါရီ ၂၀ ရက် နံနက် ၇ နာရီတွင် လောက်ကိုင်မြို့ရှိ ရန်လုံကျိုင်းဝင်ထွက်ပေါက်နှင့် B.P. 125 ရှိ စီးပွားရေး ဇုန်ဖွင့်လှစ်မည့်နေရာသို့ ရောက်ရှိရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်း မှ လိုက်လံရှင်းလင်းပြသသည်။

        

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လောက်ကိုင်မြို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ လက်ဖက်၊ သစ်ကြားသီး၊ ကြံ စိုက်ပျိုး လုပ်ကိုင်သူများနှင့် တွေ့ဆုံစဉ် ဖွံ့ဖြိုးမှုနောက်ကျနေသည့် နယ်စပ်ဒေသများတွင် ကိုးကန့်ဒေသလည်းပါဝင်ကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ မငြိမ်းချမ်းသဖြင့် ဖွံ့ဖြိုးတိုး တက်မှုနောက်ကျခဲ့ရခြင်း ဖြစ်ကြောင်း၊ စီးပွားရေးဇုန်များ ပြန်လည်ဖွင့်လှစ်နိုင်ပါက ကိုးကန့်ဒေသနှင့် ဆက်စပ်ဒေသများတွင် လူမှုရေး၊ စီးပွားရေးနှင့် လမ်း၊ တံတား အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသပြည်သူများ၊ လုပ်ငန်းရှင်များ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များမှ ညီညီ ညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြပါက ဒေသနေပြည်သူများ အကျိုးများစွာခံစား နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

    

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်းတို့သည် ချင်းရွှေဟော်မြို့ နယ်စပ်ဂိတ်ဖွင့်လှစ်ရန် လျာထားသည့်မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး ယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိ သူများက တည်ဆောက်မည့်နေရာအား မြေပုံနှင့်တကွ ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။ 

    

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လာရှိုးလေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်ခန်းမတွင် ကုန်သည်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

 

(သတင်းစဉ်)