ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အစေ့ထုတ်ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၆ ဇွန် 

 

အစေ့ထုတ်ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

ရှေးဉီးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုသည် ပုဂ္ဂလိကကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် မှီတည်နေသည့်အတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့လာအောင် နိုင်ငံတော်ဘက်မှ လိုအပ်သည့်ဖြေလျှော့ပေးမှုများ၊ လုပ်ငန်းလွယ်ကူလျင်မြန်ချောမွေ့စေရေး အစီအမံများကို စီစဉ်ဆောင်ရွက်ပေးနေပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ကို အဟန့်အတားဖြစ်စေသည့်  ဥပဒေစည်းမျဉ်းစည်းကမ်းများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် ဥပဒေစည်းမျဉ်းစည်းကမ်းများကို ရေးဆွဲပြဌာန်းပေးခြင်းစသည် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပေးနေကြောင်း၊ မြန်မာနိုင်ငံတွင် ပြောင်းကို နှစ်စဉ် ပြည်တွင်းစားသုံးမှုထက် ပိုလျှံစွာထုတ်လုပ်နိုင်ခဲ့ပြီး ပြည်ပတင်ပို့မှုအပိုင်းတွင်လည်း အာဆီယံဒေသတွင်း နိုင်ငံပေါင်း (၁၀) နိုင်ငံအနက် ဒုတိယအများဆုံးတင်ပို့သော နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်  ပြောင်းစိုက် ဧက (၁ ဒသမ ၉) သန်းခန့်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ ကယား၊ ကရင်၊ ဧရာဝတီတိုင်း၊ နေပြည်တော် စသည့်နေရာများမှ ထွက်ရှိသော ပြောင်းများကို တရုတ်ဈေးကွက်သို့ အများဆုံး တင်ပို့လျက်ရှိရာ ပြောင်းအဓိကဝယ်ယူနေသည့် တရုတ်နိုင်ငံက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကစ၍ လျော့နည်းဝယ်ယူလာခြင်းကြောင့် ဈေးနှုန်းများ ဆက်တိုက်ကျဆင်းခဲ့သည့် အခြေအနေဖြစ်ပေါ် ခဲ့ကြောင်း။

 

မြန်မာနိုင်ငံ၏ ရေမြေရာသီဥတုအရ ပြောင်းသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်စေမည့် အခြေအနေကောင်း အခွင့်အလမ်းကောင်းများရှိသည့်အတွက် ပြောင်းကဏ္ဍ၌ ပါဝင်ပတ်သက်သူများအားလုံး စိတ်ပါဝင်စားစွာ လက်တွဲဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ကျရာကဏ္ဍမှတစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်သလို လုပ်ငန်းရှင်များအနေဖြင့်လည်း နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက အားကိုးအားထားပြုရသည့် လုပ်ငန်းရှင်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်ပွဲစားများ၊ ပြည်ပတင်ပို့သူများအနေဖြင့် အချင်းချင်း ရောင်းဝယ်မှုပြုလုပ်ရာတွင် Online စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြောင်းသီးနှံကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးဖိုရမ်မှာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြမည့် အကြောင်းအရာများမှတစ်ဆင့် ဖော်ထုတ်ရရှိမည့်အချက်များသည် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်နိုင်မည့် အခြေခံအချက်များဖြစ်ပြီး နိုင်ငံတကာသို့ ပြောင်းတင်ပို့မှုကို မြှင့်တင်နိုင်မည့် အထောက်အပံ့ကောင်း တစ်ခုဖြစ်စေရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထူးက ဈေးကွက်နှင့် ပို့ကုန်အခြေအနေ လိုအပ်ချက်ရှိသည့် သီးနှံများအား ပြောင်းလဲစိုက်ပျိုးထုတ်လုပ်ခြင်း၊ တင်ပို့ရောင်းချခြင်းတို့ကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြောင်းကို ပြည်တွင်း အစာထုတ်လုပ်ငန်းများမှလည်း  တန်ချိန် (၁ ဒသမ၂) သန်းမှ (၁ ဒသမ ၅) သန်းအထိသုံးစွဲပါကြောင်း၊ ကမ္ဘာ့ပြောင်းထွက်ရှိမှု တန်ချိန် သန်း ၁၁၀၀ ကျော်ထွက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် (၂ ဒသမ ၃) သန်းခန့် ထွက်ရှိသည်ဟု စာရင်းအင်းများအရ သိရှိရကြောင်း၊ ပြည်ပတင်ပို့မှုတွင်လည်း ယခုနှစ်တွင် ပြောင်းတန်ချိန် (၁ ဒသမ ၈) သန်းကျော် တင်ပို့ထားပြီး ထိုင်းနိုင်ငံသို့ တန်ချိန် (၁ ဒသမ ၂) သန်းခန့် တင်ပို့ထားပါကြောင်း၊ ပြည်ပပို့ကုန်အတွက် အလားလာရှိသည့်အပြင် ပြည်တွင်းအစာစပ် လုပ်ငန်းများနှင့် ဝယ်လိုအား မြင့်တက်လာလျက်ရှိသည့်အတွက်လည်း  ပြောင်းသီးနှံကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ Zoom Application ဖြင့် ဖိုရမ်သို့ပါဝင်တက်ရောက်ကြသူများက ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ မျိုးစေ့သုံးစွဲမှု၊ ပြောင်းစိုက်ပျိုးမှုနှင့် ပြည်ပတင်ပို့မှုတို့တွင် ကြုံတွေ့ရသည့်အားနည်းချက်၊ အားသာချက်များ၊ အခက်အခဲများ၊ ကိုဗစ်-၁၉ ကာလပြည်တွင်း ပြောင်းဈေးကွက်အခြေအနေနှင့် ကိုဗစ်-၁၉ ကာလ အလွန်ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ပြည်တွင်းရှိ အစာစပ်လုပ်ငန်းတွင် လက်ရှိပြောင်းသုံးစွဲနေမှု အခြေအနေ၊ တိရစ္ဆာန်အစာ ပြည်တွင်းဖြန့်ဝေရောင်းချမှု အခြေအနေ၊ ကိုဗစ်-၁၉ အလွန်ကာလများတွင် ပြောင်းကုန်ကြမ်းဝယ်ယူမည့် အခြေအနေများကိုဆွေးနွေး ဖော်ထုတ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နိဂုံးချုပ်စကားပြောကြားသည်။

 

ဖိုရမ်သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များ၊ အသင်းအဖွဲ့များနှင့် ကုန်သည်လုပ်ငန်းရှင်များ၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တို့မှ စိုက်ပျိုးတောင်သူများ၊ အစေ့ထုတ်ပြောင်းကုမ္ပဏီ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 
သတင်းစဉ်