ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ စာပေဗိမာန်နှင့် သတင်းစာတိုက်များကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ၆ ဇွန် 

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်နှင့် ပြည်သူ့စာကြည့်တိုက်၊ ကြေးမုံ၊ မြန်မာ့အလင်းနှင့် The Global New Light of Myanmar သတင်းစာတိုက်တို့တွင် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး MRTV Webportal အခန်းတွင် Website လွှင့်တင်ခြင်းနှင့် Social Media များမှတစ်ဆင့် သတင်းနှင့် ရုပ်သံအစီအစဉ်များ လွှင့်တင်ဆောင်ရွက်နေမှု၊ MITV သတင်းခန်းတွင် လုပ်ငန်းဆောင်ရွက်နေမှု၊ Graphic Room တွင် Computer Graphic လုပ်ငန်းဆောင်ရွက်နေမှု၊ Archiving Room တွင် Digital မှတ်တမ်းထိန်းသိမ်းမှု၊ သတင်းစတူဒီယိုများတွင် သတင်းနှင့်အစီအစဉ် ရိုက်ကူးဆောင်ရွက်နေမှုနှင့် Studio-1 တွင် MRTV နှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့ ပူးပေါင်းပြီး ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် တေးသံရှင်များဖြစ်ကြသော ဂရေဟမ်၊ ချောစုခင်၊ အိုင်းရင်းဇင်မာမြင့်၊ ခင်စုစုလှိုင်တို့နှင့် လှုံ့ဆော်ရေးတေးသီချင်း ရိုက်ကူးမှုများကိုလည်းကောင်း၊ COVID-19 သတ်မှတ် ကာလအတွင်း ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ကျောက်တံတားမြို့နယ် ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်အရောင်းဆိုင်နှင့် ပြည်သူ့စာကြည့်တိုက်သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ 

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလလမ်းရှိ ကြေးမုံသတင်းစာတိုက်သို့ ရောက်ရှိပြီး ကြေးမုံခင်စာအုပ်ဆိုင်၊ စာတည်းခန်း၊ စာပြင်ဌာနနှင့် ကြော်ငြာဌာနများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

 

ထို့နောက် ဗဟန်းမြို့နယ်ရှိ The Global New Light of Myanmar သို့ ရောက်ရှိပြီး စာတည်းခန်းတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဗဟန်းမြို့နယ်ရှိ မြန်မာ့အလင်းသတင်းစာတိုက်သို့ ရောက်ရှိပြီး သတင်းခန်းနှင့် ပုံနှိပ်စက်ခန်းများကို ကြည့်ရှုစစ်ဆေးသည်။ 

 

သတင်းစဉ်