ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နေပြည်တော်တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊  ၄  ဒီဇင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှုများကို  ကြည့်ရှုစစ်ဆေးသည်။

ရှေးဉီးစွာ အစည်းအဝေးခန်းမ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဉီးရဲနိုင်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကျင်းပရေး စီမံချက်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သတင်းနှင့် အစီအစဉ်များထုတ်လုပ်မှုနှင့် ထုတ်လွှင့်မှုများဆောင်ရွက်နေမှု၊ နေ့ကြီး/ရက်ကြီးများအတွက် ထုတ်လွှင့်မည့်သီချင်းနှင့် အစီအစဉ်များ၊ စက်မှုပိုင်းဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန် ဆောင်ပုဒ်နှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် (၇၅)နှစ် ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် သတင်းအချက်အလက်များ ထုတ်လွှင့်ဖြန့်ဝေပေးမှုဖြင့် ပြည်သူနှင့် ပေါင်းကူးဆက်သွယ်နေသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ သတင်းတင်ဆက်မှု များအပြင် ဌာနမှထုတ်လုပ်သည့် အစီအစဉ်များကို စိတ်ကူးစိတ်သန်းကောင်းများဖြင့် ဆန်းသစ်တီထွင် ဆောင်ရွက်ကြရန်နှင့် နေ့ကြီး/ရက်ကြီးများအတွက် ဂုဏ်ပြုတင်ဆက်မည့် သီချင်းနှင့် အစီအစဉ်များကိုလည်း အသစ်အသစ်များထုတ်လုပ်ပြီး တင်ဆက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ ဓာတ်ပြားတိုက်၊ ဖလင်နှင့် တိပ်ခွေထိန်းသိမ်းရေးဌာနစိတ်နှင့် မှတ်တမ်းဌာနစိတ် (Archiving) တို့တွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်က စတင်တည်ထောင်ခဲ့သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် (၇၅)နှစ်ပြည့်မြောက်မည်ဖြစ်ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ စိန်ရတု အထိမ်းအမှတ်အဖြစ် ဖျော်ဖြေရေးနှင့် မှတ်တမ်းအစီအစဉ်များကို မကြာမီ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်