ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဆုံဆို့နာရောဂါ ကပ်အသွင် ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြ

နေပြည်တော်   ၁၄   ဩဂုတ်

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်နှင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲတို့မှ တာဝန်ရှိသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဆုံဆို့နာရောဂါ ကပ်အသွင်ဖြစ်ပွားမှု (outbreak)နှင့်ပတ်သက်၍ ကွင်းဆင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌  ပြုလုပ်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆုံဆို့နာရောဂါအပါအဝင် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများ ဖြစ်ပွားခြင်းအကြောင်းရင်းများမှာ  ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအားနည်းခြင်း၊ သက်ဆိုင်ရာ လူအုပ်စု၏ စုပေါင်းရောဂါခုခံကာကွယ်နိုင်မှု အားနည်းခြင်း၊ ရွှေ့ပြောင်းနေထိုင်သူဦးရေ များပြားခြင်း၊ ရောဂါကိုယ်ခံစွမ်းအားနည်းပါးသော လူအုပ်စုအတွင်းသို့ ရောဂါဝင်ရောက်လာခြင်း၊ ရောဂါပိုး၏ ပြင်းထန်မှုမြင့်မားခြင်း စသည့် အချက်များကြောင့် ဖြစ်ပါကြောင်း၊ နယ်မြေဒေသသွားလာရခက်ခဲမှုနှင့် နယ်မြေ ဒေသလုံခြုံရေး အခြေအနေများသည် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုအပေါ် များစွာသောအကျိုးသက်ရောက်မှု ရှိပါကြောင်း၊ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများနှင့် ပတ်သက်သော ကျန်းမာရေးအသိပညာ ဗဟုသုတများ၊ ကာကွယ်ဆေးများ၏ အကျိုးကျေးဇူးများကို ပြည်သူများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကူးစက်ရောဂါ ကပ်အသွင်ဖြစ်ပွားမှုများအား အချိန်နှင့် တစ်ပြေးညီ ကွင်းဆင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ရောဂါအမျိုးအစားအလိုက်၊ ဗဟို၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် သက်ဆိုင်ရာပညာရှင်များ ပါဝင်သော ကွင်းဆင်းအဖွဲ့များ ကြိုတင်ဖွဲ့စည်းထားရှိရမည်ဖြစ်ပါကြောင်း၊ ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရောဂါအမျိုးအစားအလိုက် လုပ်ငန်း လမ်းညွှန်များ ပြုစုထားရှိရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက တာချီလိတ်၊ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းဖြတ်နှင့် မိုင်းတုံမြို့နယ်များတွင် လူနာစုစုပေါင်း (၄၅) ဦး တွေ့ရှိခဲ့မှုနှင့် သေဆုံးလူနာပေါင်း (၆)ဦး ရှိမှု၊ အဆိုပါနေရာဒေသများ၏ နှစ်အလိုက် ကာကွယ်ဆေးလွှမ်းခြုံမှုအခြေအနေ၊ လူနာများအား ကုသပေးမှုအခြေအနေ၊ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်ထားရှိမှု၊ လူနာနှင့် အနီးကပ်ထိတွေ့သူများအား ပိုးသတ်ဆေးတိုက်ကျွေးမှုအခြေအနေနှင့်  အဆိုပါနေရာဒေသတွင် တုံ့ပြန်ကာကွယ်ဆေးထိုးခြင်း (outbreak response immunization) လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေ၊  ကွင်းဆင်းတွေ့ရှိချက်များနှင့် အကြံပြုချက်များကို တင်ပြသည်။

ဆက်လက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒေါက်တာအောင်မြတ်ဌေးက  ရောဂါစောင့်ကြပ်ကြည့်ရှု မှုစနစ်နှင့် သတင်းပေးပို့မှုစနစ်များအား ဆန်းစစ်တွေ့ရှိချက်များနှင့် ကပ်ရောဂါဗေဒဆန်းစစ်တွေ့ရှိချက်များ၊ ကွင်းဆင်းလုပ်ငန်းများကို ဒေသခံတိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် အဆိုပါနေရာဒေသရှိ ကျန်းမာရေးဝန်ထမ်းများအား ရောဂါစောင့်ကြပ်ကြည့်ရှုမှုသင်တန်း ပြုလုပ်ပေးခဲ့မှုတို့ကို တင်ပြသည်။

ထို့နောက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်နိုင်ဦးက ဆုံဆို့နာအဆိပ်ဖြေဆေးဝယ်ယူထားရှိမှု၊ ဖြန့်ဖြူးထားရှိမှုနှင့် ဆက်လက်ဝယ်ယူထားသည့် အစီအစဉ်များကို တင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာထွန်းတင်၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းနှင့် တက်ရောက်လာကြသူများက ဆွေးနွေးအကြံပြုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လက်ရှိတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ မြို့နယ် (၅)မြို့နယ်တွင် ဆုံဆို့နာ ရောဂါ လူနာစုစုပေါင်း (၄၅) ဦးရှိပြီး သေဆုံးလူနာပေါင်း (၆) ဦးရှိမှုသည် ကိုဗစ်-၁၉ ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ (၆)ဦးနှင့် အရေအတွက်တူညီနေပါကြောင်း၊ ကာကွယ်ဆေးများကို ဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ တိုက်ကျွေးပေးနေမှုနှင့် သတ်မှတ်အသက်အရွယ်တွင် ကာကွယ်ဆေးများကို အကြိမ်ရေပြည့် ထိုးနှံတိုက်ကျွေး ရန် အထူးအရေးကြီးမှုတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရပ်ကွက်များနှင့် ကျေးရွာများတွင် ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သော ရောဂါများ၏ ရောဂါလက္ခဏာများနှင့် ကာကွယ်ဆေးများအကြောင်းကို အသံချဲ့စက်ဖြင့် အသိပညာပေးမှုများ ပိုမိုဆောင်ရွက်စေလိုပါကြောင်း။

ထို့ပြင် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း လမ်းညွှန်နှင့် စံလုပ်ထုံးလုပ်နည်းများကို မြန်မာနိုင်ငံဆရာဝန်အသင်းမှတစ်ဆင့် ပုဂ္ဂလိက အထွေထွေရောဂါကုဆရာဝန်များ ထံသို့ ဖြန့်ဝေထားရှိရမည်ဖြစ်ပါကြောင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုမှုစနစ်များကို ဘက်စုံခြုံငုံသုံးသပ်ကာ ပိုမိုကောင်းမွန်စေရေးဆောင်ရွက်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို အမြန်ဆုံးဆောင်ရွက်စေလို ပါကြောင်း၊ ဆုံဆို့နာအဆိပ်ဖြေဆေးများ ပြတ်လပ်မှုမရှိစေရေးအတွက် ကြိုတင်တွက်ဆ ဝယ်ယူထားရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများအနေဖြင့် ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ခွေးရူးရောဂါကာကွယ်ဆေးထိုးနေမှုအခြေအနေများကို ဆန်းစစ်အကဲဖြတ် ခြင်းနှင့် ပံ့ပိုးဆောင်ရွက်ခြင်းတို့ကို ပုံမှန်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဒုတိယ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများအနေဖြင့် ခရိုင်၊ မြို့နယ်များ၊ ကျန်းမာရေးဌာနများသို့ ကွင်းဆင်း ဆန်းစစ်ခြင်းနှင့် ပံ့ပိုးဆောင်ရွက်ခြင်းများကို ပုံမှန်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)