ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့ နီပေါနိုင်ငံမှ Bungee Jumping လုပ်ငန်းဆောင်ရွက်နေသည့် The Last Resort အဖွဲ့နှင့် တွေ့ဆုံ

နေပြည်တော် ၂၁ ဇန်နဝါရီ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့သည် နီပေါနိုင်ငံမှ Bungee Jumping လုပ်ငန်းဆောင်ရွက်နေသည့် The Last Resort မှ Executive Director နှင့်အဖွဲ့ကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှု၊ နီပေါနိုင်ငံ The Last Resort ၏ Bungee Jumping နှင့် အခြား ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှု၊ စွန့်စားခရီးစဉ်နှင့် အားကစား ခရီးစဉ်များအတွက် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အာမခံထားရှိဆောင်ရွက်ရေး ဆိုင်ရာများ၊ နီပေါနိုင်ငံတွင် Bungee Jumping နှင့်စပ်လျဉ်း၍ ခရီးသွားဧည့်သည် ဝင်ရောက်မှုများနှင့် အားကစားခရီးသွားလုပ်ငန်းကို အထောက်အကူပြုမည့် Bungee Jumping ကို အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံနှင့် သင့်တော်မည့် ခရီးစဉ်ဒေသများကို လေ့လာ၍ ဆောင်ရွက်နိုင်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံတွင် အားကစားအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို  ဆွေးနွေးခဲ့ကြသည်။ 

သတင်းစဉ်