ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းဖြစ်ပွားလာပါက စနစ်တကျတုံ့ပြန်ဆောင်ရွက်ရေး စားပွဲဝိုင်းလေ့ကျင့်ခန်းသို့ တက်ရောက်

နေပြည်တော် ၁၃ ဩဂုတ်  

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယလှိုင်းဖြစ်ပွားကာ လူနာအများအပြား တစ်ပြိုင်တည်း ပေါ်ပေါက်လာပါက စနစ်တကျတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် စားပွဲဝိုင်းလေ့ကျင့်ခန်း (Table-Top Exercise) ဗဟိုအဆင့်ပြုလုပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန COVID-19 Central Command Center ၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ရှိတွင် မိမိတို့မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သော်လည်း ဝန်ကြီးဌာနမှ နှိုးဆော်တိုက်တွန်းထားသော ရောဂါကာကွယ်ရေးအတွက် ဆောင်ရန်အချက်များအား နေရာအများအပြား၌ လိုက်နာမှုနည်းပါးနေသည်ကို တွေ့ရှိနေရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမ ပေါ်ပေါက်စေရန်အတွက် လက်ရှိဆောင်ရွက်နေသည့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယလှိုင်းဖြစ်ပွားပါက ကပ်ရောဂါဗေဒ ထိန်းချုပ်မှုနိယာမများကို မှီငြမ်း၍ စနစ်တကျ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် စားပွဲဝိုင်းလေ့ကျင့်ခန်းကို ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ သည် ကမ္ဘာ့ကပ်ရောဂါဖြစ်သဖြင့် မိမိတို့နိုင်ငံတွင် ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေကိုသာမက အိမ်နီးချင်းနှင့် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားကူးစက် မှုအခြေအနေများကိုပါ အမြဲမပြတ် လေ့လာဆန်းစစ်ကာ ထိန်းချုပ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာတွင် သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ လူနာများတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိသူ (၄၀) ရာခိုင်နှုန်းခန့်၊ မပြင်းထန်သော ရောဂါလက္ခဏာရှိသူ (၄၀) ရာခိုင်နှုန်းခန့်၊ ဆေးရုံတက်ရောက်ကုသမှုခံရန်လိုအပ်သူ (၁၅) ရာခိုင်နှုန်းခန့်နှင့် ရောဂါပြင်းထန်သူ (၅) ရာခိုင်နှုန်းခန့်ရှိသည်ကို တွေ့ရှိရပါကြောင်း။

 

မိမိတို့မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအခြေအနေကို ကူးစက် ရောဂါဗေဒရှုထောင့်မှ ကြည့်ရှုဆန်းစစ်ပါက ရောဂါဖြစ်ပွားသူစုစုပေါင်း (၃၆၁) ဦးရှိပြီး ၎င်းတို့အနက် (၆၁) ရာခိုင်နှုန်းခန့်တွင် ရောဂါလက္ခဏာပြသခြင်းမရှိမှု၊ လူနာများ၏ (၅၅) ရာခိုင်နှုန်းသည် ပြင်ပနိုင်ငံများမှ ကူးစက်ဝင်ရောက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တွေ့ရှိနေရသော လူနာများသည်လည်း ပြင်ပနိုင်ငံများမှ ကူးစက်ဝင်ရောက်လာသူများဖြစ်မှု၊ ကိုဗစ်-၁၉ လူနာ (၃၆၁) ဦးအနက် အထူးကြပ်မတ်ကုသမှုခံယူရသူ (၂၀) ဦးနှင့် အသက်ရှူစက် (ventilator) အသုံးပြုခဲ့ရသူ(၅) ဦးသာရှိမှုတို့ကို တွေ့ရှိရပါကြောင်း၊ ယခုအချိန်၌ သံသယလူနာ၊ အသွားအလာကန့်သတ်ထားရှိသူနှင့် ကိုဗစ်-၁၉ လူနာများနှင့် ထိတွေ့မှုရှိခဲ့သူများ၏ ဓာတ်ခွဲနမူနာ စုစုပေါင်း၏ (၀ ဒသမ ၂၈) ရာခိုင်နှုန်းတွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး ထိုသို့ ရောဂါပိုးတွေ့ရှိမှုနှုန်းသည် ဓာတ်ခွဲစစ်ဆေးမှုအရေအတွက် တိုးမြှင့်ခဲ့သော်လည်း မြင့်တက်လာခြင်းမရှိဘဲ တည်ငြိမ်နေမှု၊ လက်ရှိအခြေအနေတွင် သံသယလက္ခဏာ လူနာအရေအတွက်များ ကျဆင်းလာမှု အသွားအလာ ကန့်သတ်ထားရှိရာနေရာ အရေအတွက်နှင့် လူဦးရေကျဆင်းလာမှုတို့သည် ကောင်းမွန်သော လက္ခဏာများ ဖြစ်ပါကြောင်း။

 

ယခု စားပွဲဝိုင်းလေ့ကျင့်ခန်းတွင် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယလှိုင်း ဖြစ်ပွားပါက ရောဂါထိန်းချုပ်ရေး၊ ဓာတ်ခွဲစစ် ဆေးရေး၊ အသွားအလာကန့်သတ်ရေး၊ ကုသရေးအပါအဝင် လုပ်ငန်းများကို  မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်သွားမည်၊ ထိုသို့တုံ့ပြန်ဆောင်ရွက်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်၊ ပစ္စည်းကိရိယာ၊ ဘဏ္ဍာငွေနှင့် အချိန်မည်မျှလိုအပ်မည်၊ တုံ့ပြန်ဆောင်ရွက်မှုများကို ကဏ္ဍအလိုက် တာဝန်ခွဲဝေမှုများ၊ နှီးနွှယ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မည်ကဲ့သို့ ပြုလုပ်မည်တို့ကို ယခုလက်ရှိ မြေပြင်အခြေအနေများနှင့် ချိန်ထိုးကာ  အလေးထားဆွေးနွေးကြရမည် ဖြစ်ပါကြောင်း။

 

စားပွဲဝိုင်းလေ့ကျင့်ခန်းတွင် ဆွေးနွေးချက်များအရ တွေ့ရှိရသော လိုအပ်ချက်များကို အမြန်ဆုံး ကြိုတင်ဖြည့်ဆည်းခြင်းနှင့် လိုအပ်ပါက လက်ရှိရေးဆွဲထားသော လုပ်ငန်းလမ်းညွှန်များနှင့် စံလုပ်ထုံး လုပ်နည်းများကို မွမ်းမံပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ ဤ ကိုဗစ်-၁၉ ကပ်ရောဂါသာမက အခြားကပ်ရောဂါအမျိုးမျိုးသည် နောင်ကာလတွင်လည်း ပေါ်ပေါက်လာနိုင်သည်ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနရှိ တာဝန်ရှိသူပညာရှင်များအနေဖြင့် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု စွမ်းဆောင်ရည်များ မြင့်မားနေစေရေး ဤကဲ့သို့သော စားပွဲဝိုင်း လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲသည် ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဝန်ကြီးဌာန၏ ဦးနှောက်သဖွယ်ပင်ဖြစ်သဖြင့် ဌာနခွဲမှ ဝန်ထမ်းပညာရှင်များအားလုံး၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားစေရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲအနေဖြင့် စားပွဲဝိုင်း လေ့ကျင့်ခန်း အမျိုးမျိုးအတွက် ဖြစ်နိုင်ချေရှိသော ဖြစ်ရပ်အကြောင်းအရာ (Case scenario) များကို စဉ်းစားပြုစုကာ စုစည်းထားရှိရမည်ဖြစ်ပါကြောင်း။

 

ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်တို့တွင်လည်း စားပွဲဝိုင်းလေ့ကျင့်ခန်းများကို လစဉ်ပြုလုပ် လေ့ကျင့်သင်ကြားစေလိုပါကြောင်း၊ စားပွဲဝိုင်းလေ့ကျင့်ခန်းများကို ဆွေးနွေးရာ၌ ဖြစ်နိုင်ချေရှိသော ဖြစ်ရပ်များကို နောက်ခံထားရမည့်အပြင် မမျှော်မှန်းနိုင်သော အခြေအနေများ ပေါ်ပေါက်လာနိုင်သည်ကိုလည်း သတိပြုရမည်ဖြစ်ပါကြောင်း၊ မိမိဝန်ကြီးဌာနမှ ပညာရှင်ဝန်ထမ်းများ အနေဖြင့် အဆိုးဆုံးဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို မျှော်မှန်းကာ ရရှိသော အရင်းအမြစ်များဖြင့် အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားရှိရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ တိုးသီရိအောင် ကုသရေးဦးစီဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီတာအောင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက် ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ လက်ထောက်ဆရာဝန် ဒေါက်တာဝေလျှံဖြိုးမောင်၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဌေးဌေးတင် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ လုပ်ငန်းများဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယလှိုင်းဖြစ်ပွားကာ လူနာအများအပြား တစ်ပြိုင်နက်ပေါ်ပေါက်လာပါက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ကုသရေးဦးစီးဌာနနှင့် ဆေးရုံများ၊  ဓာတ်ခွဲဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများက မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်မည်ကို စားပွဲဝိုင်းလေ့ကျင့်ခန်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

 

ထို့နောက် စားပွဲဝိုင်းလေ့ကျင့်ခန်းကို အဖွဲ့များခွဲကာ ဆွေးနွေးခြင်း၊ အဖွဲ့လိုက်တင်ပြခြင်း၊ အဖွဲ့အချင်းချင်း အပြန်အလှန်ဆွေးနွေးခြင်း၊ လိုအပ်ချက်များဖော်ထုတ်ခြင်းနှင့် စားပွဲဝိုင်းလေ့ကျင့်ခန်းမှ တွေ့ရှိချက်များကို တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။

 


အဆိုပါ စားပွဲဝိုင်းလေ့ကျင့်ခန်းသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ကုသရေးဦးစီးဌာန၊ ကုသ/ ကာကွယ်/ ဆေးခုံဌာနခွဲ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဝယ်ယူရေးဌာနခွဲ၊ ဖြန့်ဖြူးရေးဌာနခွဲနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ ဝန်ကြီးဌာန၏ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်၊ ဆေးတက္ကသိုလ်များမှ လူမှုရေးနှင့် ကာကွယ်ရေးဆေးပညာ ဌာနများမှ ပါမောက္ခ/ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများ၊ အထူးကုဆရာဝန်ကြီးများက လေ့ကျင့်ခန်းပြုလုပ်ရာ COVID-19 Central Command Center သို့ လာရောက်၍ Videoconferencing စနစ်ဖြင့် လည်းကောင်း တက်ရောက်ကြသည်။ 

 

သတင်းစဉ်