ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဓာတ်မှန်ပညာဌာနနှင့် အရေးပေါ်ကုသမှုဆေးပညာဌာနများ ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်များနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန်  ၈  ဩဂုတ်

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် ပိုင်းတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် အစည်းအဝေးခန်းမ၌ ဓာတ်မှန်ပညာဌာနနှင့် အရေးပေါ် ကုသမှုဆေး ပညာဌာနများ ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများ၊ အထူးကုဆရာဝန်များနှင့် တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ကြိုးပမ်းဆောင်ရွက် နေကြသည့် ဆေးနှင့် ဆေးနှီးနွှယ်ဘာသာရပ်ဌာနများ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စနစ်တကျ လက်တွေ့ကျသော နည်းဗျူဟာများဖြင့် ပံ့ပိုးဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေအရပ်ရပ်နှင့် အညီချမှတ်ထားသော ဝန်ကြီးဌာန၏ မူဝါဒများ၊ မဟာဗျူဟာလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဓာတ်မှန်ပညာ ရှင်များနှင့် အရေးပေါ်ကုသမှုဆေးပညာရှင်များက ဆေးရုံများ၌ လုပ်ငန်းဆောင်ရွက်ရာတွင်လည်းကောင်း၊ ဘွဲ့လွန်သင်ကြားမှု ကိစ္စရပ်များ၌လည်းကောင်း တွေ့ကြုံရသော စိန်ခေါ်မှုများနှင့် လိုအပ်ချက်များကို ဝန်ကြီးဌာနအနေဖြင့် ရရှိသော အရင်းအမြစ်များနှင့်အညီ ဆက်လက်၍ ဦးစားပေးသတ်မှတ်ကာ ပံ့ပိုးဖြည့်ဆည်းသွားမည် ဖြစ်ပါကြောင်း၊ လူနာများတွင် ဖြစ်ပွားနေသော ရောဂါကို တိကျစွာစစ်ဆေး ဖော်ထုတ်မှုများ ဆောင်ရွက်နေသည့် ဓာတ်မှန်ပညာဌာနနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ အရေးပေါ်လူနာ များအပါအဝင် ကျန်းမာရေးပြဿနာ အမျိုးမျိုးဖြစ်ပွားသည့် လူနာများအား အရေးပေါ်အသက်ကယ် ဆယ်ကုသမှုများ ဆောင်ရွက်နေသည့် အရေးပေါ်ကုသမှုဆေးပညာဌာနတို့၏ ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်မှုများသည် ပြည်သူများအတွက် အလွန်အကျိုးရှိမည်ဖြစ်ပါကြောင်း။

 

ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လွှမ်းခြုံမှုနှင့် အရည်အသွေး ပိုမိုမြင့်မားစေရေးအတွက် ဓာတ်မှန်ပညာနှင့် အရေးပေါ်ကုသမှုဆေးပညာ အထူးကုဆရာဝန်များ၊ ပညာရှင်များအပါအဝင် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို  (၂၀၂၀-၂၁) ခု ပညာသင်နှစ်တွင်လည်း ပိုမိုမွေးထုတ် လေ့ကျင့်ပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ ထိုသို့မွေးထုတ်လေ့ကျင့်ရာတွင် သင်ကြားသင်ယူမှု ပတ်ဝန်းကျင် (teaching environment) ကောင်းများ ရရှိစေရေး၊ ခေတ်မီနည်းပညာနှင့် စက်ကိရိယာများ အသုံးချ ဆောင်ရွက်ရေးနှင့် စဉ်ဆက်မပြတ် ဆေးပညာသင်ကြားမှုများ ရရှိစေရေးတို့အတွက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ဦးစားပေး ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း။

 

ဆေးပညာရပ် ဘာသာရပ်အသီးသီးအနေဖြင့် ဘုတ်အဖွဲ့အသိအမှတ်ပြု အထူးကုဆရာဝန်များ   မွေးထုတ်နိုင်ရန်အတွက်ကိုလည်း စဉ်းစားဆောင်ရွက် စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးပညာ ဘာသာရပ်များတွင် ပါမောက္ခရာထူး ခန့်ထားတာဝန်ပေးအပ်ရာ၌ ပါရဂူဘွဲ့ရရှိထားခြင်း မရှိသော်လည်း (နိုင်ငံတကာတွင် ပါမောက္ခရာထူးပေးအပ်သကဲ့သို့ပင်) သက်ဆိုင်ရာ ဆေးပညာဘာသာရပ်တွင် လုပ်သက်နှင့် အတွေ့အကြုံမြင့်မားမှု၊ ဘာသာရပ်ဆိုင်ရာ သုတေသနများ ပြုလုပ်ထားရှိမှုတို့အပါအဝင် အခြားသတ်မှတ်ချက်များနှင့် ပြည့်စုံသူများအား ခန့်အပ်သွားမည်ဖြစ်ပါကြောင်း၊ ဆေးပညာဘွဲ့လွန် ပညာရှင်များ မွေးထုတ်သကဲ့သို့ တိုက်နယ်နှင့် မြို့နယ်ဆရာဝန်များ အခြေခံဓာတ်မှန်ပညာနှင့် အခြေခံအရေးပေါ်ကုသမှု ဆေးပညာဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်ရန်အတွက် အင်တာနက်အသုံးပြု  သင်တန်းများအပါအဝင် မွမ်းမံသင်တန်းများကိုလည်း  ဆောင်ရွက်စေလိုပါကြောင်း၊ ထို့အပြင် ဆေးတက္ကသိုလ်များ၌ လုပ်ကိုင်လျက်ရှိသော ဆရာ၊ ဆရာမများအတွက် သင်ကြားမှုနည်းစနစ်ပိုင်းဆိုင်ရာ မွမ်းမံသင်တန်းများကိုလည်း ပုံမှန်ဆောင်ရွက်စေလိုပါကြောင်း၊ ဆေးပညာဘာသာရပ် ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများအနေဖြင့် တိုက်နယ်ဆရာဝန်၊ မြို့နယ်ဆရာဝန်နှင့် လက်ထောက်ဆရာဝန်များအတွက် ရည်ရွယ်ကာ ဘာသာရပ်ဆိုင်ရာ ဗီဒီယိုရုပ်သံများ  များ ရိုက်ကူးကာ သက်ဆိုင်ရာတက္ကသိုလ်၏ အင်တာနက်စာမျက်နှာတွင် လွင့်တင်ထားရှိခြင်းဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဆရာဝန်များအနေဖြင့် ပညာရပ်ဆိုင်ရာ နောက်ဆုံးပေါ် အချက်အလက်များကို အလွယ်တကူ လေ့လာသိရှိနိုင်မည် ဖြစ်ပါကြောင်း။

 

ဘာသာရပ်ဆိုင်ရာ အသုံးချသုတေသနများကို အရည်အသွေးပြည့်ဝစွာ ပြုလုပ်နိုင်ရန်အတွက် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၌ ပြုလုပ်လျက်ရှိသော ပုံမှန်သင်တန်းများသို့ ဆေးတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ တက်ရောက်စေလိုပါကြောင်း၊ သုတေသနပြုလုပ်ရာတွင် ဝန်ကြီးဌာနမှ သုတေ သန ဘဏ္ဍာငွေများ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့်လည်း ကွန်ရက်သဖွယ်ချိတ်ဆက်ပြီး ဘာသာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ပိုမိုပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း။

 

ဝန်ကြီးဌာန၏ တက္ကသိုလ်အသီးသီးရှိ ဆေးပညာဘာသာရပ်အသီးသီးမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများအနေဖြင့် Videoconferencing စနစ်ဖြင့် ဆွေးနွေးခြင်းများ ပိုမိုပြုလုပ်နိုင်ရန်အတွက် လိုအပ်သော ပစ္စည်းကိရိယာများကို ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် အဖွဲ့များဖွဲ့စည်းကာ နိုင်ငံတစ်ဝန်းရှိ ဆေးရုံများသို့ ပုံမှန်ကွင်းဆင်း၍ ဆန်းစစ်အကဲဖြတ်မှုပုံစံ (checklist) အသုံးပြုကာ ဆန်းစစ်တွေ့ရှိရသော အခြေအနေပေါ်မူတည်၍ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံရာတွင် ကုသရေး၊ သင်ကြားလေ့ကျင့် ရေးအပါအဝင် ဘာသာရပ်နှင့် ဌာနဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအတွက် အခက်အခဲနှင့် လိုအပ်ချက်များကို ပွင့်လင်းစွာ ဆွေးနွေးပြောကြားစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဆေးက္ကသိုလ် (၁)၊ ဓာတ်မှန်ပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာ သန်းသန်းနွယ်နှင့် ဆေးတက္ကသိုလ်(၂)၊ ဓာတ်မှန်ပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာခင်မာရှိန် တို့က  ဓာတ်မှန်ပညာဌာနများ၏ ဖွဲ့စည်းပုံနှင့် အင်အား၊ အထူးကုဆရာဝန်၊ ဓာတ်မှန် ပညာရှင်နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်လေ့ကျင့်ပေးနေမှု၊ နိုင်ငံတစ်ဝန်းတွင် ဓာတ်မှန်ပညာရပ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ သင်ကြားလေ့ကျင့်မှုနှင့် ကုသရေးလုပ်ငန်းများအတွက် အသုံးချ ဆော့ဝဲလ် (software) များနှင့် စက်ပစ္စည်းကိရိယာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဆေးတက္ကသိုလ်(၁)၊ အရေးပေါ်ကုသမှုဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမော်မော်ဦးက  လက်ရှိ နိုင်ငံတစ်ဝန်းမှ အရေးပေါ်ဆေးပညာဌာနများ၏ အခြေအနေများကို တင်ပြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် အထူးကုဆရာဝန်များက သက်ဆိုင်ရာ ဆေးရုံ၊ ဌာနအလိုက် လိုအပ်ချက်များ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။

 

ထိုသို့တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဖြည့်ဆည်း ပံ့ပိုးဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ရာတွင် သက်ဆိုင်ရာဆေးပညာရပ်နှင့် ဌာန ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ ရည်မှန်းချက်၊ ရည်ရွယ်ချက်များဖြင့် ကိုယ်ပိုင်အရေးကိစ္စသဖွယ် အလေးထား ဆောင်ရွက်နေကြသည်မှာ ကောင်းမွန်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် တင်ပြချက်များအား ဝန်ကြီးဌာနမှ အလေးအနက်ထားစဉ်းစားကာ ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

သတင်းစဉ်