ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အခြေခံကျန်းမာရေးတက္ကသိုလ် ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေး ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ

မကွေး  ၂၃  ဖေဖော်ဝါရီ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ တက္ကသိုလ်ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များဆွေးနွေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည်  တာဝန်ရှိသူများနှင့်အတူ တက္ကသိုလ်ဝန်းအတွင်း လှည့်လည်ကြည့်ရှုရာ အခြေခံကျန်းမာရေးတက္ကသိုလ်၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ကိုကိုဇော်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အခြေခံကျန်းမာရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံရာ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာကိုကိုဇော်က တက္ကသိုလ်တွင် သင်ကြားသင်ယူမှုလုပ်ငန်းများဆောင်ရွက်နေမှု၊ ဌာနများ၊ ဆရာ၊ ဆရာမနှင့် ဝန်ထမ်းအင်အား၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပါအဝင် တက္ကသိုလ်တွင် ဆောင်ရွက်နေသော လုပ်ငန်းများကို တင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက လက်တွေ့မြေပြင်တွင် ပြည်သူများနှင့် နီးကပ်စွာ နေထိုင်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်မည့် အခြေခံကျန်းမာရေးပညာရှင်များ ကိုမွေးထုတ်ရာ အခြေခံကျန်းမာရေးတက္ကသိုလ် ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များသည် မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် အရေးကြီးပါကြောင်း၊ ကျွမ်းကျင်မှု ပိုင်းဆိုင်ရာနှင့် ပြည့်စုံပြီး ကျင့်ဝတ်များနှင့်ညီညွတ်ကာ ပြည်သူများအကျိုးဆောင်ရွက်လိုစိတ်ပြည့်ဝသော အခြေခံကျန်းမာရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်း၊ သင်ကြား၊ သင်ယူမှု နည်းစနစ်များ၊ သင်ကြားမှုအထောက်အကူပြုပစ္စည်းများ၊ လက်တွေ့ကွင်းဆင်း လေ့ကျင့်ရေးနေရာနှင့် ဆရာ၊ ဆရာမများ၏ အားထည့်မှုနှင့် သင်ကြားမှုစွမ်းရည်များသည် အရေးကြီးပါကြောင်း။

တက္ကသိုလ်၏ ဥပဓိအမြင်ကောင်းမွန်စေရေး၊ ပတ်ဝန်းကျင်သာယာလှပရေး၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်၏ အငွေ့အသက်ရရှိကာ တက္ကသိုလ်ပညာဆည်းပူးနေရသည်ဟူသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ စိတ်ဓာတ်များ ကိန်းဝပ်နေစေရေးတို့ကိုရရှိစေရန် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဤတက္ကသိုလ်မှ မွေးထုတ်ပေးမည့် ပညာရှင်များသည် ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် အလွန်အရေးကြီးပါသဖြင့် ဝန်ကြီးဌာနအနေဖြင့် ဤတက္ကသိုလ်အတွက်လိုအပ်သော သင်ကြားရေးအထောက်အကူပြု ပစ္စည်းများနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင်များကို ယခုနှစ်တွင် ဖြည့်ဆည်းပေးသကဲ့သို့ (၂၀၂၀-၂၁) ခု ဘဏ္ဍာနှစ်တွင် အထူးဦးစားပေး အစီအစဉ်ဖြင့် အထူးဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် အခြေခံကျန်းမာရေးတက္ကသိုလ်မှ ဘွဲ့ရရှိလာသော ကျန်းမာရေးမှူးများ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) တွင် ပြည်သူ့ကျန်းမာရေးမဟာဘွဲ့တက်ရောက်ခွင့် ပိုမိုရရှိစေရန် အတွက် သီးခြားခွဲတမ်းများ သတ်မှတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းတွင် အရေအတွက် (၁၀,ဝ၀ဝ) ကျော်ရှိသော ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂)များအတွက် မွမ်းမံသင်တန်းများ အရေးတစ်ကြီးပြုလုပ်ဆောင်ရွက်ရန် လိုအပ်နေသည့်အတွက် ဝန်ကြီးဌာနမှ ၎င်းတို့ထံ ဖြန့်ဝေထားသော Mobile Tablet များဖြင့် အင်တာနက် ကွန်ရက်အသုံးပြု၍ သင်တန်းများပေးခြင်းကိစ္စ၌ ဤတက္ကသိုလ်မှ ဆရာ၊ ဆရာမများက အဓိက ပံ့ပိုးပေးရမည်ဖြစ်ပါကြောင်း။

အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ ပညာဆက်လက်သင်ကြားရေးနှင့် ရာထူး တက်လမ်းအခွင့်အရေးများ ယခုထက် ပိုမိုရရှိစေရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးတက္ကသိုလ်များမှ လူမှုရေးနှင့်ကာကွယ်ရေးဆေးပညာဌာနနှင့် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများအနေဖြင့်လည်း အခြေခံကျန်းမာရေးတက္ကသိုလ်သို့ မဖြစ်မနေလာရောက်၍ သင်ကြားမှုလုပ်ငန်းများကို ဆောင်ရွက်ရန် ဝန်ကြီးဌာနမှ တာဝန်ချထားမည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများမြင့်မားစေရန် ဆောင်ရွက်မည့် အခြေခံ ကျန်းမာရေးဝန်ထမ်းပညာရှင်များကို မွေးထုတ်ပေးလျက်ရှိသော အခြေခံကျန်းမာရေး တက္ကသိုလ် ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက အခြေခံကျန်းမာရေးတက္ကသိုလ် ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဆက်လက်ပံ့ပိုးပေးသွားမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ 

ယင်းနောက် အခြေခံကျန်းမာရေးတက္ကသိုလ်မှ တွဲဖက်ပါမောက္ခများ၊ ကထိက၊ လက်ထောက်ကထိကများနှင့် ဆရာ၊ ဆရာမများက တက္ကသိုလ်၏ သင်ကြားသင်ယူမှု လုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးအတွက် လိုအပ်သည်များကို တင်ပြသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊  ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေးတို့က ဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီးမှ တက္ကသိုလ် ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအတွက် ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးမည့်ကိစ္စရပ်များကို ပြောကြားပြီး ဆရာ၊ ဆရာမများ၏ တင်ပြချက်များ အပေါ်ပြန်လည် ဆွေးနွေးကြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။ 

 

‌ေ

 

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မန်းရွှေစက်တော်ရာ ဘုရားပွဲကျင်းပရာနေရာတွင် ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်းဖွင့်လှစ်ဆောင်ရွက် နေမှုများ၊ COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ရေး အပါအဝင် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများကို ပိုစတာများကပ်ခြင်း၊ အသံချဲ့စက်ဖြင့် နှိုးဆော်အသိပေးခြင်း၊ လက်ကိုင် အသံချဲ့စက်ငယ်များ အသုံးပြု၍ လူစည်ကားရာနေရများတွင် နှိုးဆော်အသိပေးခြင်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုသည်။

 

‌ေ

 

ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်နေသော မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်များ နှင့် တွေ့ဆုံကာ - လူနာစာရင်းများကို စနစ်တကျမှတ်တမ်းတင်ထားရှိရန်၊ ရောဂါပြင်းထန် သည့် လူနာများကို ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့် စနစ်တကျညွှန်းပို့ကုသမှုပေးရန်နှင့် COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိပညာ ပေးနှိုးဆော်မှုလုပ်ငန်းများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင် ရာမှ လမ်းညွှန်မှုများပြုလုပ်ခဲ့ကာ လူနာမှတ်တမ်းများကို ကွန်ပျူတာဖြင့် စနစ်တကျမှတ်တမ်း တင်ထားရှိ ဆန်းစစ်သုံးသပ်နိုင်ရန် လက်ဆွဲကွန်ပျူတာတစ်စုံကို ပေးအပ်သည်။

(သတင်းစဉ်)